နိုင်ငံရေး အကျဉ်းသားကို နိုင်ငံရေး ကစားကွက်အဖြစ်သုံး

နိုင်ငံရေး အကျဉ်းသားကို နိုင်ငံရေး ကစားကွက်အဖြစ်သုံး
by -
ရွှေဟင်္သာသတင်းဌာန

ကျန်ရှိနေသေးသည့် မွန်နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် မပြုပဲ ဆက်လက် ထိန်းသိမ်းထားခြင်းမှာ ဇန်နဝါရီလ (၂၇) ရက်နေ့ နောက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးရန် ရှိသည့် မွန်ပြည်သစ် ပါတီနှင့် စစ်အစိုးရတို့၏ ဆွေးနွေးပွဲအတွက် အပေးအယူ အလျော့အတင်း လုပ်စရာ ကိစ္စတခုအဖြစ် ထားရှိခဲ့ခြင်း ဖြစ်ကြောင်း အမည် မဖော်လိုသူ မွန်ပြည်သစ် ပါတီ ဗဟို ကော်မတီ တစ်ဦးက ပြောပါသည်။

Nai Yakha and Myo Thwe
“ဦးဇင်း ဇော်လတ် လွတ်လာပြီး ကျန်တဲ့ နိုင်ယက္ခနဲ့ နိုင်မျိုးသွေးတို့ မလွတ်သေး တာကတော့ ဆွဲချက် တင်ခံ ထားရတာခြင်း မတူဘူးလေ၊ ဦးဇင်းဇော်လတ် ကတော့ အီလက်ထရောနစ် ပုဒ်မနဲ့ ငြိပြီး စွဲချက် တင်ထားတာ၊ နိုင်ယက္ခနဲ့ နိုင်မျိုးသွေး ကတော့ နိုင်ငံတော် ပုန်ကန် ကြံစည်မှု အကြံုးဝင်တဲ့ ပုဒ်မမျိုးနဲ့ ဆွဲချက်တင်ခြင်း ခံထားရတာလေ၊ ဆိုတော့ နိုင်ငံရေး ကစားကွက်နဲ့ ကြည့်ရင် ဒါဟာ အလျော့အတင်း လုပ်နိုင်မယ့် Key Point တစ်ခု ဖြစ်နေတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောကြားသွားပါသည်။

နိုင်ယက္ခ (ခေါ်) မင်းနေဝင်း မှာ အင်းစိန် ထောင်၌ ပြစ်ဒဏ် ကျခံ နေရလျက် ရှိပြီး နိုင်မျိုးသွေးမှာ သာယာဝတီ ထောင်၌ ပြစ်ဒဏ် ကျခံခြင်း ခံရလျက် ရှိပါသည်။ နှစ်ဦးစလုံးသည် လွန်ခဲ့သည့် (၂၀၀၃) ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့မှ စတင်၍ ရန်ကုန်မြို့၌ ဖမ်းဆီး ခံခဲ့ရသည်။ နှစ်ဦးစလုံးကို နိုင်ငံတော် အကြီးအကဲ များအား လုပ်ကြံရန် ကြံစည် အားထုတ်ခြင်း နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ် ချမှတ်ခြင်း ခံထားရရာမှ မွန်ပြည်သစ် ပါတီနှင့် သက်ဆိုင်ရာ မိသားစုများမှ အယူခံဝင်၍ အောင်မြင် ခဲ့ခြင်းကြောင်း တစ်သက်တကျွန်း ပစ်ဒဏ်သို့ ပြောင်းလဲ ချမှတ်ခြင်း ခံခဲ့သည်။

“ကျွန်တော့် ပုဂ္ဂိုလ်ရေး သုံးသပ်ချက်အရ ဒါဟာ ကစားကွက်ပါ၊ ဒီအကွက်ကို ကိုင်ပြီး ကျွန်တော်တို့နဲ့ သူတို့နဲ့ တွေ့ဆုံတဲ့ပွဲမှာ နှစ်ဖက်အကြားက တောင်းဆိုမှု တွေကို ညှိုနှိုင်းဖို့ အပေးအယူ လုပ်တဲ့ နေရာမှာ အစိုးရဘက်က အသုံးပြုသွားမှာ လို့လည်း မြင်မိပါတယ်။ အစိုးရဘက်က အပေးအယူညှိဖို့ လိုသလို စကားပြောနိုင်လိမ့်မယ်လေ။ ကစားနိုင်တယ်လေ။ မန်းငြိမ်းမောင်ကို လွှတ်မယ့်ဆဲဆဲမှာ KNU နဲ့ တွေ့ဆုံဆွေးနွေးနေဆဲ မတင်မကျသေးလို့ ပြန်ထိန်းသိမ်း ထားလိုက်တာကို ကြည့်ရင်လည်း မြင်သာပါတယ်” ဟု အမည်မဖော်လိုသူ မွန်ပြည်သစ်ပါတီ ဗဟို ကော်မီတီက ဆက်လက် ပြောပြပါသည်။

ဖမ်းဆီး ခံရချိန်၍ နိုင်ယက္ခ (ခေါ်) မင်းနေဝင်းနှင့် နိုင်မျိုးသွေးတို့ နှစ်ဦးစလုံးမှာ မွန်ပြည်သစ်ပါတီ၏ သင်းပြည့် ပါတီဝင်များ ဖြစ်ကြသည်။ နိုင်ယက္ခတို့၏ နိုင်ငံရေး လှုပ်ရှားမှုနှင့် စည်းရုံးရေး လုပ်ငန်းများသည် အစိုးရ၏ အုပ်ချုပ်ရေးပိုင်းနှင့် လယ်ယာမြေ သိမ်းဆည်းမှု၊ စစ်တပ်မှ အပစ်မဲ့ အရပ်သားများအား မုဒိမ်းပြုကျင့်ခြင်း တို့ကို ထိထိရောက်ရောက် လှုပ်ရှား ဖော်ထုတ် ပေးနိုင်ခဲ့၍ စစ်အစိုးရဘက်မှ ထောင်ချောက်ဆင်၍ ဖမ်းဆီးခဲ့ကြသည်ဟု ဖမ်းဆီးခံရအပြီးတွင် မွန်မီဒီယာများနှင့် လူအခွင့်အရေး လှုပ်ရှားသူများက မှတ်ချက်ပြုကာ ဝေဖန်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်ရေး ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ တွေ့ဆုံ ခဲ့စဉ်၌ မွန်နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ရှိကြောင်း အစိုးရဘက်မှ နှုတ်ဖြင့် ကတိပေးမှု ရှိခဲ့သော်လည်း ယခုအသုတ် သမ္မတကြီး၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခြင်း ခံနေရသည် နိုင်ယက္ခ (ခေါ်) မင်းနေဝင်း နှင့် နိုင်မျိုးသွေးတို့ နှစ်ဦး လွတ်မြောက်လာခြင်း မရှိသေးပေ။

နိုင်ယက္ခ (ခေါ်) မင်းနေဝင်း နှင့် နိုင်မျိုးသွေးတို့ နှစ်ဦး ဖမ်းဆီးခံရခြင်းနေ့၌ အောက်မေ့ဖွယ် အခမ်းအနားများကို ပြည်တွင်း ပြည်ပရောက်မွန်များ နှစ်တိုင်း ကျင်းပ ဆင်နွှဲကြပါသည်။

Most read this week