မြန်မာအစိုးရစစ်တပ်တွေထိုးစစ်ဆင်နေမှုကြောင့် စစ်ဘေးဒဏ်ကနေတိမ်းရှောင်နေရတဲ့ကချင် စစ်ပြေး ဒုက္ခသည်တွေကိုမလေးရှားနိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းတွေကနေအလှူငွေ ကောက်ခံပြီး ကူညီ ထောက်ပံ့ပေးနေပြီးလို့ကချင် တိုင်းရင်းသားအကူညီပေးရေးအဖွဲကကြီးကြပ်သူ ဘရမ်မိုင်ကပြောပါတယ်။
ကျွန်တော်တို့ဒီကချင်ပြည်နယ်မှာ ဒုက္ခအများကြီးရောက်နေတာကိုး။ တတ်နိုင်သလောက် ကျွန်တော်တို့ ဒီကနေပို့ပေးပါတယ်။ စုပေါင်းကူညီပါတယ်။ ဒီမလေးမှာရှိတဲ့တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးပါဘဲ။ အဖွဲ့အစည်းပိုင်းလဲသွားတယ်။ တချို့ကလဲဒီ တစ်ဦးချင်းဆီပေါ့နော် စုပြီးမှကျွန်တော်တို့ပို့ပေးတယ်ပေ့ါ။ ငွေကြေးအပိုင်းကတော့ တချို့ကလဲပုဂ္ဂိုလ်ရေးအရ တချို့ကလဲအဖွဲ့အစည်းက နေစုပေါင်းထည့်ဝင်ကြ ပါတယ်။ အခုဆိုရင်ကျွန်တော်တို့တဖွဲ့တင် မလေးရှားရင်းဂစ်သုံးသောင်းကျော် ကူညီထားပြီးပြီး။
မလေးရှားနိုင်ငံရောက် ချင်းအဖွဲ့အစည်းတွေကတော့ ဘာသာရေးအဖွဲ့အစည်းတွေကနေ ဦးဆောင် အလှူ ငွေကောက်ခံပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကိုကူညီနေတယ်လို့ ချင်းဒုက္ခသည်ကော်မီတီတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ကျွန်တော်တို့ချင်းကတော့ ဘုရားကျောင်းတွေမှာ အလှူငွေခံသေးတယ်။ အလှူခံတစ်ချို့လဲပို့လဲပို့ပေး တော့ တချို့လဲ ဆက်လက်အလှူခံနေတုန်းပေါ့နော။ ကျွန်တော်တို့ချင်းကလဲ ဘာသာရေးဘက်ကအလှူငွေ ခံပြီးတော့ပိုက်ဆံရှာကူညီနေတာပေါ့နော။
အခုဆိုရင်မြန်မာအစိုးရသစ်တစ်ရပ်ပေါ်ထွက်လာပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေဖြစ်ပွါးနေဆဲအခြေအနေမှာရှိနေပါသေးတယ်။ စစ်ပွဲဖြစ်ပွါးရာဒေသတွေမှာ ဘာသာရေးအရ ဖိနှိပ်မှု တွေ ရှိနေဆဲလို့ ချင်းပြည်နယ် ကလေးမြို့ဘာသာရေးခေါင်းဆောင်တစ်ဦးကအခုလိုပြောပါတယ်။
ဘာသာရေးနဲ့ပက်သက်လို့ ဒီတရားဟောဆရာတွေပေါ့နော်။ လူထုကိုတရားဟောတဲ့နေရာမှာသူတို့က အဟော မခံဘူးပေါ့။ တချို့ဘုရားကျောင်းတွေဆိုရင်လဲသူတို့ လိုင်စင်မရှိဘူး။ ဘယ်သူ့အမိန့်နဲ့ဖွင့်တာလဲ ဘာလဲပိတ်တာတို့။ တရားဟောလို့ရှိရင်လဲ နိုင်ငံရေးစည်းရုံးတာဘာညာနဲ့ သူတို့လွတ်လွတ်လပ်လပ်ဟော ခွင့်မပြုဘူးပေါ့။ ချင်းတောင်မှာဒီ မတူပီတို့မှာလဲ လက်ဝါးကပ်တိုင်တွေဖြုတ်။အခုကလေးတို့နယ်မြေ မှာလဲ ဒီဘုရားကျောင်းတွေပိတ်ပင်တာပေါ့နော။ အများကြီးခံနေရတာကိုး။
ကေအိုင်အိုခေါ်ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ်ပွါးခဲ့ရာမှာ ဘာသာရေးအရဖိနှိမ့်မှု ရှိခဲ့သလို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေကိုလဲ ညှင်းပမ်းသတ်ဖြတ်မှုတွေလုပ်ခဲ့တယ်လိုလဲသတင်း တွေ ပေါ်ထွက်နေပါတယ်။
စက်တင်ဘာ(၂၄)ရက်နေ့ကစပြီး မြန်မာစစ်တပ်ဟာ မူဆယ်နဲ့ကွတ်ခိုင်ဘက်မှာရှိတဲ့ ကေအိုင်အို တပ်မဟာ(၄)အခြေစိုက်တပ်စခမ်းတွေကို ထိုးစစ်ဆင်လာတဲ့အတွက် တရုတ်နယ်စပ်ဒေသဘက်ကို ဒုက္ခသည်ပေါင်း နှစ် သောင်းကျော်ထွက်ပြေးခိုလှုံလာကြတယ်လို့ ကချင်ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ကနေ စရင်းထုတ်ပြန် ထားပါတယ်။
ထွက်ပြေးလာတဲ့စစ်ပြေဒုက္ခသည်တွေကို ပြည်တွင်းကယ်ဆယ်ရေးအေဂျင်စီတွေကနေအကူညီမပေးဖို့ အစိုးရကနေပိတ်ပင်ထားတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) ကနေ အောာက်တိုဘာ ရ ရက်က အရေးပေါ်သတင်းရှင်းလင်းပွဲမှာသတင်းထုတ်ပြန်ထားပါတယ်။



