မင်းချမ်း(ဧပြီ-၁၀)။ ။ ပြီးခဲ့သည့်ဧပြီလ ရ ရက်နေ့ နံနက်ပိုင်း၌ ခလရ ၁၀၆ နှင့် ခမရ ၅၈၈ ပူးတွဲ လှုပ်ရှားစစ်ကြောင်း ပစ်ခတ်မှုကြောင့်ကရင် အမျိုးသား တစ်ဦး ပေါင်တွင်သေနတ်ထိမှန်ပြီး မော်လမြိုင် ဆေးရုံကြီး၌အရေးပေါ်လူနာအဖြစ် ကုသခံနေရသည်ဟုနီးစပ်သူဆွေမျိုးများပြောပြ ချက်အရ သိရသည်။
အဆိုပါသေနတ်ဒဏ်ရာထိမှန်ခံရသူမှာ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ဘေးကလွဲရွာသား စောမောင်အုန်း ဖြစ်ကြောင်း ၄င်းဆွေမျိုးများက ပြောသည်။
“မနက်အစော မီးသွေးဖိုကိုအသွား ကင်းပုန်းစောင့်နေတဲ့ဗမာစစ်သားတွေက ပစ်ခတ်လိုက်တာဖြစ်တယ်၊ သပြေချောင်းက သူတို့ကင်းစခန်းတစ်ခုကျသွားလို့ အခုတလောဒီဘက်ကိုစစ်ကြောင်းတွေ ထိုးလာတာ”ဟု ၄င်းဆွေမျိုးက ဆက်ပြောသည်။
လွန်ခဲ့သည့် ဧပြီလ ၂ ရက်နေ့ နံနက်စောစောပိုင်း၌ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့ကိုဆက်သွယ်ထား သော သပြေချောင်းမီးရထားတံတားကင်းစခန်းကို ကေအဲန်ယူမှစီးနင်းပစ်ခတ်ရာတွင်မြန်မာအစိုးရတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း တပ်မဟာ ၆ မှအရာရှိတစ်ဦးက ကောင်းဝါသို့ပြောကြားသည်။
အဆိုပါပစ်ခတ်မှုတွင် ကင်းစခန်း၌တာဝန်ကျနေသော ခလရ ၁၀၆ မှစစ်သား ရ ဦးအနက် ၄ ယောက်သေ၊ တစ်ယာက်ဒဏ်ရာ၊ ၂ ယောက်ထွက်ပြေးလွတ်မြောက်သွားပြီး MA1 နှင့် MA2 သေနတ် ၂ လက်ကို ကေအဲန်ယူက သိမ်းဆည်းရမိသည်ဟု သိရသည်။
ကေအဲန်ယူတပ်မဟာ ၆ တပ်ရင်း ၁၆ တပ်ခွဲ ၄ မှတပ်ကြပ်ကြီးသန်းစိုး ဦးစီးအင်အား ရ ယောက်တို့ ဝင် ရောက်ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူတပ်မဟာ ၆ အရာရှိက အတည်ပြုပြောပါသည်။
“သပြေချောင်းကင်းစခန်းဆိုတာက ဂက်ပိုက်လိုင်းနဲ့တံတားကို အဓိကလုံခြုံရေးပေးတဲ့ ကင်းစခန်းတစ်ခုပေါ့၊ နောက်ပြီးတော့ ကင်းစခန်းကိုဖြတ်သန်းသွားလာနေရတဲ့ မော်တော်ကား၊ ဆိုင်ကယ်တွေကို ဗမာစစ်သားတွေ ဂိတ်ကြေးကောက်တဲ့နေရာလည်းဖြစ်တယ်၊ အခုဒီစခန်းကျသွားတော့ ဗမာစစ်ကြောင်းတွေ ကရင်ရွာတွေ ဖက်ကိုစစ်ကြောင်းတွေလိုက်ထိုးနေတယ်” သပြေချောင်းအနီးရှိ အနင်းရွာသားတစ်ဦးက ပြောသည်။
ယခုအခါ မွန်ပြည်နယ်တောင်ပိုင်းအခြေစိုက်မြန်မာအစိုးရတပ်များ ကရင်ပြည်နယ်အတွင်းထိုးစစ်ဆင်နေ ရသဖြင့် သံဖြူဇရပ်နှင့်ရေးမြို့နယ်ဒေသများ၌ မြန်မာတပ်ဖွဲ့လှုပ်ရှားမှုအင်အားသိသိသာသာကျဆင်းနေ ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။



