လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီးကျေးရွာနေ အသက် ၄၈နှစ်ရှိ ဦးထွန်းတင်ဆိုအား ရွာနှင့် မိုင် ၂၀ ဝေးသော ပန်လောင်းကျေးရွာ အရှေ့ဘက်ရှိ တောင်ယာထဲတွင် ကျားသစ်တကောင် ကိုက်ခံရ၍ လွိုင်ကော်ဆေးရုံးတွင် ကုသမှုခံနေရသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် (ကလော်ဘဲလဲ) ခေါ် ချောင်းသို့ ရေခတ်ဆင်းချိန်တွင် ၎င်းနှင့်အတူပါသည့် ခွေး ၃ ကောင်ထဲမှ တကောင်ကို ကျားသစ်က ဖမ်းစားလိုက်ပြီးနောက် ကျားသစ်ဖမ်းဆီးနိုင်ရန် ကျားသစ်ရှိရာ ဂူပေါက်သို့ ၂၄ ရက်နေ့တွင် ရွာသား ၁၀ ဦးတို့နှင့်အတူ ဝန်းရံထားခဲ့ကြချိန် ကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျားသစ်ရှိရာ အပေါက်ဝနေရာအနှံ့ ရွာသားများကစောင့်ပြီး ပစ်သတ်ရန် ကြံစည်ကာ ဦးထွန်းတင်က (၈)တောင်ခန့်နက်သည့် ကျားသစ်အပေါက်ကို ကျားသစ်ထွက်အောင် ၀ါးဖြင့် ထိုးပြီးထွက်ပြေးခဲ့ချိန် ထွက်လာ သော ကျားသစ်ကို အစောင့်တစ်ယောက်က သေနတ်ဖြင့်ပစ်ခဲ့သော်လည်း ကျားသစ်က သေနတ်မှန်ရာကနေ အပြင်တောင်စောင်းတွေ ခုန်ဆင်းပြီး တောင်စောင်းတွင် ပြေးဆင်းနေသော ဦးထွန်းတင်ကို ကိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ဦးထွန်းတင်က ပြောသည်။
“ကျနော်က ၀ါးနဲ့ထိုး ထိုးပြီးတော့ နောက်တခေါက်ပြန်ထွက်လာတဲ့ အချိန်က ကျနော်က ထွက်လာရင် သူအော်တာရော။ အော်တော့ ကြောက်စိတ်ပေါ်သွားတယ်လေ။ ကျနော်က ပြေးသွားတယ်။ သူပြေးလာပြီး မှ ခြေထောက်အရင်ကိုက်တယ်ထင်တယ်။ ခြေထောက်ကို အရင်ကိုက်မိတယ်။ ကျနော်လည်းမေ့သွားတယ်။ ဓါးက အနောက်မှာ ရှိရက်သားနဲ့ မထုတ်မိတော့ဘူး။ အပေါက်ဝရဲ့အောက်ဖက်မှာ”ဟု ပြောသည်။
ထိုကဲ့သို့ ဦးထွန်းတင်ကို ကိုက်မိသွားရာကနေ ပြန်လွတ်ခြင်းမရှိပဲ ဦးထွန်းတင် ၏ ခြေထောက်နှစ်ဖက်နှင့် ဘယ်ဖက်လက်မှာ ဒဏ်ရာရနေပြီး ကျန်ညာဖက်လက်ဖြင့် ကျားသစ်ကို လက်တီးဖြင့် ထိုးနေချိန်တွင် ကျန်အဖော်များက ဝင်ရောက်ကူခဲ့သောကြောင့် ကျားသစ်သေဆုံးသွားခဲ့ကြောင်း ဒေါဆော်ဘီးကျေးရွာမှ ခူးရီရယ်က ပြောပြပါသည်။
“ သူက ကျားရဲ့လမ်းကို တည့်တည့်ပြေးလာတယ်။ အဲတော့ ကျားက သူ့ကိုကိုက်မိသွားတယ်။ တချို့လူက သစ်ပင်ပေါ်မှာ။ သူ့ကို ကိုက်မိတော့ ကျနော်က ပြန်ဆင်းလာတယ်။ ကျနော်က သေနတ်ဒင်နဲ့ လာရိုက်တယ်။”
ကျားသစ်အရွယ်အစားသည် အရှည် (၄)တောင်ခန့် လုံးပတ် (၂၅) လက်မ ခန့်ရှိပြီး ထိုကျားသစ်၏ လယ်ပင်းတွင် ထောင်ချောက်မိထားသော သံကွင်းကို တွေ့ရပြီး အနာများမကျက်သေးကြောင်း သိရပါသည်။
ဦးထွန်းတင်သည် ကျားသစ်ကိုက်ခံရသောကြောင့် ခြေထောက်နှစ်ဖက်နှင့် ဘယ်ဖက်လက်တွင် ဒဏ်ရာရထားပြီး ဘယ်ခြေထောက်ရှိ ခြေမ ကျိုးသွားခဲ့ကြောင်း၊ မေလ (၂၄)တွင် လွိုင်ကော်ဆေးရုံသို့ ဆေးကုသမှုခံယူနေကြောင်း သိရသည်။



