လွိုင်ကော်မြို့တွင် ထပ်မံဖွင့်လှစ်မည့် NLD ရုံး ပါတီဝင်များ ကန့်ကွက်

လွိုင်ကော်မြို့တွင် ထပ်မံဖွင့်လှစ်မည့် NLD ရုံး ပါတီဝင်များ ကန့်ကွက်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရုံး ထပ်မံဖွင့်လှစ်မည့် အစီအစဉ်အား မြို့နယ်အသီးသီးရှိ ပါတီဝင်ကိုယ်စားလှယ်တွေက ကန့်ကွက်ကြောင်း ယမန်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ် ပြောဆိုလိုက်သည်။

(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အရ တိုင်းနှင့်ပြည်နယ်ဒေသကြီးတွင်ပြည်နယ် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တစ်ခုထက်ပို၍ ထောင်ခြင်း မပြုကြောင်း ပါရှိသလို ၂၀၁၂ ခုနှစ်ကတည်းက လွိုင်ကော်မြို့ မင်္ဂလာရပ် ဟောကြီးလမ်းမှာ NLD ရုံးဖွင့်လှစ် ထားပြီးဖြစ်ပါတယ်။

သို့ပေမယ့် အခု လွိုင်ကော်မြို့မှာ NLD ရုံး ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်နေတာကြောင့် ကန့်ကွက်ကြတာ ဖြစ်တယ်လို့ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ဦးဒယ်နီယာက ယခုလိုပြောပါတယ်။

“အစည်းအဝေးတွေ လုပ်နေတယ် မြို့နယ် ရ မြို့နယ်မှာ ဆိုင်းဘုတ်တင်တယ် ကျေးရွာ တွေမှာဆိုင်းဘုတ် တင်တယ်။ အဲဒီအချိန်မှာ ဗဟိုကော်မတီက ညီလာခံကျင်းပဖို့ ကော်မတီ ဖွဲ့စည်းတယ်။ ကော်မရှင်ထဲမှာ ဖွဲ့စည်းပြီးတဲ့အခါမှာ ရုံးဖွင့်မလား ကျနော်တို့ ထင်တာပေါ့ အဲဒါ ကော်မရှင်ရုံး မဟုတ်ဘဲနဲ့ ပြည်နယ်ရုံး ဖွင့်တဲ့အတွက်ကြောင့် အခု သူတို့ထုတ်ပြန်ကြေညာထားတဲ့အချက်နဲ့ ညှိနေတယ်ဆိုတာကို ကျနော်တို့ ကန့်ကွက် ကြတယ်။ ဗဟိုကော်မတီကလည်း ၃ ဦးလာဖွင့်ပေးမယ်ပြောတော့ ကျနော်တို့ ကန့်ကွက် ကြတယ် ဘာကြောင့်ကန့်ကွက်လည်းဆိုတော့ ထုတ်ပြန်ထားတဲ့ ကြေညာချက်နဲ့ မကိုက်ညီလို့ပါ။” လို့ ဦးဒယ်နီယာက ပြောပါတယ်။

ထို့အပြင် “သူတို့ရဲ့ အခုအသစ်ဖွင့်ထားတဲ့ ရုံးက ပါတီဝင်အားလုံးက သဘောတူထားတဲ့ ရုံးလည်း မဟုတ်ဘူး သူတို့ဘာသာသူတို့ တဦးနဲ့တဦး လုပ်ဆောင်ထားတာ ဖြစ်တယ်။ အဲဒါကြောင့် မို့လို့ လူထုတွေပိုသိအောင် မြို့နယ်တိုင်း ပါတီဝင်တွေ ဦးဆောင်နိုင်တဲ့ သူတွေ မြို့နယ်တိုင်း မြို့နယ်တိုင်း ဒီဆိုင်းဘုတ်အောက်မှာလာပြီး တော့ လက်တွဲသွားကြမယ် ဆိုတာ ကြေညာခြင်းဖြစ်တယ်” လို့လည်း ဆက်ပြောပါတယ်။

ဗဟိုကော်မတီက အသိအမှတ်ပြုထားတဲ့ ကယားပြည်နယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေက ပါတီဝင်အချင်းချင်းနှင့် ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ ဗဟိုက အသိအမှတ်ပြုတယ်ဆိုတဲ့ အချက်တခုတည်းနဲ့ ရုံးကိုထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ ပုဂ္ဂိုလ်တွေက လူထုဆန္ဒမပါဘဲ ပါတီဝင်ခိုင်းခြင်း၊ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း ကိစ္စတွေ ဆောင်ရွက်နေသဖြင့် ထိုသို့မလုပ်သင့်ကြောင်းကို ကယားပြည်နယ်မှာရှိတဲ့ NLD ပါတီဝင်တွေကဆွေးနွေးကြ ပါတယ်။  

အလားတူ ယခင်က ဖွင့်လှစ်ထားတဲ့ရုံးဟာ ပါတီဝင်တွေရဲ့ ဆန္ဒနဲ့အညီ အားလုံးကနေ ဝိုင်းဝန်းပြီး စုပေါင်း ဖွင့်လှစ်ထားတဲ့ ရုံးဖြစ်ကြောင်းနဲ့ အဖွဲ့ဝင်ပါတီတွေအနေနဲ့လည်း နိုင်ငံရေးမှာ စိတ်ဝင်စားတဲ့သူတွေဖြစ် ကြတယ် လို့လည်း ဆိုပါတယ်။

အစည်းဝေးတက်ရောက်လာတဲ့ လွိုင်ကော် မြို့ခံ ကိုသားပုက “လူတိုင်းလူတိုင်းမှာ အခွင့်အရေးတွေပိုင်ဆိုင် ထားကြပါတယ်။ ဒီအခွင့်အရေးတွေကို ကျနော်တို့ကိုယ်တိုင် ညီလာကျင်းပဖို့ အတွက် လိုက်လျောဆောင်ရွက် မှာ ဖြစ်တယ်။ လိုက်ပါဆောင်ရွက် စေချင်တယ်ဆိုရင် လူဦးရေ စာရင်းအရပြောပါ သူ့ဒေသအလိုကပါတီဝင် ထားတဲ့သူရဲ့ဆန္ဒအလိုက် ကျနော်တို့ကိုယ်တိုင်ဖြေရှင်းပေးမယ်။” လို့ ပြောပါတယ်။

ယမန်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အစည်းအဝေးကို ပါတီဝင်လူဦးရေ တစ်ရာနီးပါး တက်ရောက်ခဲ့ကြပါတယ်။