ကေကောကျေးရွာ အုပ်စုကိုယ်ထူကိုယ်ထ လမ်းပြုပြင်ဖို့ ငွေကြေး အခက်အခဲရှိနေ

ကေကောကျေးရွာ အုပ်စုကိုယ်ထူကိုယ်ထ လမ်းပြုပြင်ဖို့ ငွေကြေး အခက်အခဲရှိနေ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့၏ အနောက်ဘက်ခြမ်းဒေသရှိ ဟိုယာဒေသမှတဆင့် ခါးဘယ် - ကေကောကျေးရွာအုပ်စု အတွင်းရှိလမ်းမှာ သွားလာရန်ခက်ခဲနေသဖြင့် ဒေသခံလူထုတွေ ကိုယ်ထူကိုယ်ထ ပြုပြင်မွမ်းမံဖို့ ငွေကြေး အခက်အခဲ ကြံုတွေ့နေကြရလို့ သိရပါတယ်။

ကေကောကျေးရွာအုပ်စုမှ လမ်းပန်းဆက်သွယ်ရေးကိစ္စနှင့် ပတ်သက်ပြီး ဒေသခံတွေက နယ်စပ်ဒေသရေးရာ ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ကြံ့ခိုင်ရေးပါတီ၊ ဆောက်လုပ်ရေးဌာန နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ထံ အကူအညီတောင်းခံ တင်ပြထားတယ်လို့သိရပါတယ်။

ဖရူဆိုမြို့မှ ဒေသခံ ဦးပီတာဂျော့ဆိုက "လမ်းမကောင်းဆိုလို့ရှိရင် ကျနော်တို့က ပညာရေး ၊ ကျန်းမာရေးက သယ်ယူပို့ဆောင်ရေးက ခက်ခဲတယ်။ ၂ ရက်ခရီးကို ကျနော်တို့က သွားလာရတယ် ပညာရေးဝန်ထမ်းတွေ ကျန်းမာရေးဝန်ထမ်းတွေ အချိန်မှီမလာနိုင်ဘူး အဲဒါကြောင့် ကျနော်တို့လမ်းကို နံပါတ်တစ်ဦးစားပေးပြီးဖောက်လုပ်ဖို့ ပြည်သူတစ်ရပ်လုံးက တောင်းဆိုတယ်" လို့ ပြောပါတယ်။

ခါးဘယ်မှ ကေကောရွာကို သွားတဲ့ ၁၅ မိုင်အကွာအဝေးလမ်းခရီးပြုပြင်ဖို့ စာရိတ်ကို လာရောက်အကူ အညီတောင်းခံခြင်းဖြစ်ပါတယ်။ အဲဒီလမ်းကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်းက ကေကောကျေးရွာအုပ်စု အတွင်းရှိ ဒေသခံတွေက ကိုယ်ထူကိုယ်ထဖြင့် နှစ်စဉ်နှစ်တိုင်း လမ်းကိုပြုပြင်လျက်ရှိတယ်လို့လည်း ပြောပါတယ်။

ဦးပီတာဂျော့ဆိုက "ငွေရေးကြေးရေးခက်ခဲတယ် ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံကောက်လည်းနှစ်တိုင်း ကောက်တော့ သူများတွေလက်မခံဘူး သူများကိုအတင်းအဓ္ဓမ ခိုင်းလို့လည်းသူများက လက်မခံဘူး လေး သူတို့ တန်ဖိုးနဲ့အညီ လုပ်အားခတောင်းရမယ်လေး တစ်ရက်သုံးထောင်နှုန်းနဲ့ ကျနော်တို့ပေးရတယ် လူငါးရာအတွက်ဆို ၁၅သိန်းကျမယ် လူအင်အားနဲ့ပဲ မြန်မြန်ဆန်ဆန်လုပ်မယ် ဘက်ဖိုးတွေဒီထိလာရင် သိန်း ၃၀ - ၅၀ ကုန်မယ်" လို့ ဆက်ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သွားခဲ့ရင် ကျေးရွာ ၃၀ အတွက်သာမက ကယားနှင့်ကရင်ပြည်နယ်သို့ ဆက်စပ်သွားလာဖို့ ကောင်းမွန်သွားမယ်လို့ သိရပါတယ်။ ယခင်နှစ်တွေက ကိုယ်ထူကိုယ်ထ လမ်းတွေကို ပြုပြင်မွမ်းမံတဲ့အချိန်အတွင်းက ဘာသာရေးခေါင်းဆောင်ဆရာတော်တွေက ကျပ်ငါးသိန်းနှင့် က.လ.လ.တ အဖွဲ့အစည်းမှ ဆန် ၁၀ အိတ် ထောက်ပ့ံကူညီခဲ့တယ်လို့ သိရပါတယ်။

ကေကောကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံတဦးက "အစိုးရကြောက်ရတာနဲ့ ကားလမ်းမပေါက်တာနဲ့ ဟိုယာနဲ့ဖရူဆို အထိသွားရတယ်။ အဲဒါလမ်းပဲ နည်းနည်းအကူအညီတောင်းချင်တယ် လမ်းတွေက ပျက်စီးကုန်ပြီ ဘိလပ်မြေတို့ လိုအပ်တယ်" လို့ ပြောပါတယ်။