ကရင်နီပြည်နယ် သံလွင်မြစ် အရှေ့ဖက်ခြမ်း ဆိုတရှားဒေသဖက်မှာရှိတဲ့ သစ်တောတွေကို ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့နဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ကန့်ကွက်ဖို့ ဒေသခံ လူထုတွေ ပါ၀င်တဲ့ အဖွဲ့တခု ဖွဲ့စည်းပြီး လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
အစိုးရနဲ့ ကရင်နီပြည်တိုးတက်ရေးပါတီ KNPP တို့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားတဲ့ ကာလအတွင်းမှာ ဒေသတွင်းက အဖိုးတန် သစ်တွေကို စီးပွားရေးသမားတွေက ထုတ်ယူဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် လူထု အစည်းအဝေးပွဲ တခု ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာပါ။
အစည်းဝေးပွဲကို အောက်တိုဘာလ (၂၀) ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒေသခံ လူထု ၉၃ ဦး တက်ရောက်ခဲ့တဲ့ အထဲက ၉၂ ဦးက ထောက်ခံတဲ့အတွက် ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ကရင်နီ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန အဖွဲ့ KDNG မှ ပြောခွင့်ရပုဂ္ဂိုလ် ခူးတော်ရယ်က အခုလို ပြောပါတယ်။
"ဒီအဖွဲ့အတွက် ဘယ်လိုလုပ်မလဲ၊ ဘာလုပ်မလဲ စသည်ဖြင့် အဲ့ဒီကိစ္စကို ကျတော်တို့ အကြမ်းအားဖြင့် တစ်ခု ထွက်လာနိုင်ဖို့အတွက် လူ ၈ ယောက်ရွေးတယ်။ အဲ့ဒီ ၈ ယောက် နဲ့ အဲ့ဒီအကြမ်းတွေကို ကျတော်တို့လုပ်မယ်။ အဲ့ဒီအကြမ်းထွက်လာပြီးရင် တပတ်အတွင်း ကျတော်တို့အချိန်ယူပြီးတော့မှ လုပ်ငန်းအကြမ်းဖျင်း တွေထွက်လာအောင် ကျတော်တို့လုပ်မယ်"
တချိန်တည်းမှာပဲ ၁၉၉၅ ခုနှစ် နောက်ပိုင်း အစိုးရနဲ့ KNPP အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး ယူခဲ့တဲ့ အချိန်က ဆိုတရှားဒေသထဲမှာ ကျန်နေခဲ့တဲ့ ကျွန်းသစ် အဟောင်းတွေကို စီးပွားရေး ကုမ္ပဏီတွေကနေ ပြန်ထုတ်ယူမယ့် သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ဒေသခံတွေက ကန့်ကွက်ဖို့ လုပ်နေကြတယ်လို့လည်း ခူးတော်ရယ်က ဆက်ပြောပါတယ်။
“အခု ဝင်လုပ်တာကတော့ အဟောင်းပဲထုတ်မယ်ပေါ့၊ အဲ့လိုတော့ သိရတယ်။ ဒါပေမယ့် ကျတော်တို့ထင်တာက အဟောင်းထုတ်မယ်၊ အသစ်လည်း ပါသွားမယ်လို့ အဲ့လို ထင်တယ်လေ” ဟု ခူးတော်ရယ်က ပြောပါတယ်။
ကန့်ကွက်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အစည်းဝေးပွဲကို တက်ရောက်လာတဲ့ ခူးခိုရယ်က “ကျတော်တို့ ဒီကယားပြည်က သစ်ကို ဘာဖြစ်လို့ ကန့်ကွက်ရလဲဆိုတော့ လာမယ့်ရှေ့ ဆက်မှာ ကျတော်တို့ သားသမီးအတွက် ကြည့်တာပေါ့နော်။ လာမယ့်ရှေ့ဆက် ကောင်းလာမယ့် အချိန်မှာ အခွင့်အရေး ရတာပေါ့နော် သားသမီးက လွယ်လွယ်နဲ့ အိမ်ရအောင်ပေါ့လေ။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ မိဘတွေ အနေနဲ့ ကန့်ကွက်ရတာပါ” လို့ ပြောဆိုခဲ့ပါတယ်။
အခုနှစ် အစောပိုင်းကာလက အစိုးရနဲ့ KNPP တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးပြီးတဲ့နောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရန် မူအရ နှစ်ဖက် သဘောတူထားခဲ့သလို နယ်စပ် ဒုက္ခသည် စခန်းတွေကနေ ဒေသတွင်း ပြန်လည် ၀င်ရောက်သွားတဲ့ ဒေသခံတချို့ရှိခဲ့ကြောင်း သိရပါတယ်။



