ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်းပြုလုပ်

ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်းပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းမှာ ဒုက္ခသည် ကလေးတွေ ကာကွယ် စောင့်ရှောက်ရေးအတွက် (Child Protection) အဖွဲ့ နှင့် ကက်သလစ်အရေးပေါ် လူမှု ကယ်ဆယ်ရေး (COERR ) အဖွဲ့ တို့ ကနေပြီး သင်တန်း ပြုလုပ်ခဲ့ကြပါတယ်။

 ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းမှာ ပြုလုပ်ခဲ့သော ဒုက္ခသည်ကလေးများ ကာကွယ်စောင့်ရှောက်ရေး သင်တန်း (ဓါတ်ပုံ-ကေတီ)

အဓိကအားဖြင့် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် ကလေးတွေ အကာအကွယ် ပေးနိုင်ဖို့ အတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

ဒီသင်တန်းကို အဓိက အားဖြင့် (COERR) ဝန်ထမ်းအဖွဲ့ဝင်တွေကို ပို့ချပေးနေတာဖြစ်ပြီး လူဦးရေ ၂၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ ကြပါတယ်။

“အဓိက ကတော့ COERR ဝန်ထမ်းတွေကို ကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို အကာအကွယ် ပေးရမလဲ ဆိုတဲ့ စွမ်းရည်ပိုင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အရည် အချင်းတွေကို မြှင့်တင်ပေး ချင်တာရယ်၊ ပြီးတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးတွေ၊ အကာအကွယ် မဲ့နေတဲ့ ကလေးတွေ အတွက် ဘယ်လို ကိုင်တွယ် ဖြေရှင်း ရမလဲ ဆိုတာတွေကို မြှင့်တင်ပေးဖို့ပါ”

ထိုင်းမြန်မာ နယ်စပ်တလျောက် ဒုက္ခသည် စခန်း ၉ ခုလုံးမှာ ရှိတဲ့ ကလေးများ ကာကွယ်ရေး နဲ့ပတ်သက်ပြီး Child protection specialist  ပွန်ဆန်သီယ ကနေပြီး သင်တန်းပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြသွားတာပါ။

COERR နဲ့ ကလေးကာကွယ်ရေး အဖွဲ့တို့ လက်တွဲလုပ်လာတဲ့ ကာလဟာ ရ နှစ်ခန့်ရှိနေပါပြီ။ အဲ့ဒီ ရ နှစ်အတွင်းမှာ ကလေးများအား လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု၊ မိဘများမှ လျစ်လျူရှုမှုတွေ စတဲ့ ကိစ္စရပ်တွေလည်း တချို့သော စခန်းတွေမှာ တဖြည်းဖြည်းနဲ့ တိုးလာတယ်လို့လည်း ပြောပါတယ်။

ကက်သလစ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (COERR ) မှ ကွင်းဆင်း မန်နေဂျာဖြစ်တဲ့ Benjawan Maliwan ကနေပြီးတော့ ထိုင်းဥပဒေက ဒုက္ခသည်ကလေးများ အတွက် ဘယ်လို အကာအကွယ်ပေးထားလဲ ဆိုတာကို အခုလိုရှင်းပြ သွားပါတယ်။

“၁၉၈၉ ခုနှစ် ထိုင်းနိုင်ငံ ရဲ့ ကလေးများရဲ့အခွင့် အရေး ကာကွယ်ဖို့ ရေးထိုးထားတဲ့ စာချုပ်အရ ဆိုရင် ကလေးတွေ အားလုံး၊ ထိုင်းနိုင်ငံသားပဲဖြစ်ဖြစ်၊ ဒုက္ခသည် ကလေးပဲ ဖြစ်ဖြစ်၊ သူတို့ကို ဒီစာချုပ် (Child’s Right Protection) ရဲ့ အကာအကွယ်အောက်မှာ ရှိနေရမှာပါ။ တကယ်လို့ ကလေးအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာရင်တော့ ဒီထိုင်းဥပဒေ အတိုင်းသွားရမှာပါ” လို့ ပြောပါတယ်။

COERR အဖွဲ့ဟာ ထိုင်း-မြန်မာ နယ်စပ်တလျောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းများ အားလုံးမှာ လူမှုရေး ဆိုင်ရာကယ်ဆယ်မှု လုပ်ငန်းများ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်းတခု လည်းဖြစ်ပါတယ်။

သင်တန်းကို စက်တင်ဘာလ ၂၇၊ ၂၈ ရက် ၂ ရက်သာ ပို့ချခဲ့တယ်လို့ သိရပါတယ်။

Most read this week