ငြိမ်းဖောင်ဒေးရှင်းမှ ဦးဆောင်ကာ ငြိမ်းချမ်းရေးအတွက် လူထုအခြေပြု လူမှုအဖွဲ ့အစည်း (CIVIL SOCIETY FORUM for PEACE) ညီလာခံတရပ်ကို ရန်ကုန်မြို့ရှိ ပန်ဒါ ဟိုတယ်မှာ ပထမဆုံး အကြိမ်ကျင်းပ ပြုလုပ်သွား ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ လူထုအခြေပြု အဖွဲ ့အစည်းများမှာ ခေါင်းဆောင်ကိုယ်စား လှယ်များ တက်ရောက်ကြပါတယ်။

တက်ရောက်လာတဲ့ ညီလာခံ ကိုယ်စား လှယ်များက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်နေတဲ့ ငြိမ်းချမ်းရေး အခြေအနေတွေနဲ ့ ပတ်သက်ပြီးဆွေးနွေးကြသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လူထုရဲ ့ ပါ၀င်မှု အားကောင်းလာဖို ့ကိစ္စရပ်များကို ယမန်နေ့က ကျယ်ကျယ်ပြန် ့ပြန် ဆွေးနွေးကြပါတယ်။
ကယားပြည်နယ်မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ဦးစဲရယ်လှဖေကတော့ လူထုတွေအားလုံးက ဒီငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ဆိုင်တဲ့အတွက်ကြောင့် ယခုလို ပါဝင်ပတ်သက်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
ဦးစဲရယ်လှဖေက “ကယားပြည်နယ်ဘက်မှာ အပစ်ခတ်ရပ်စဲရေးကတော့ ကောင်းသွားပါပြီ လာမည့်နိုင်ငံရေး စာပွဲပေါ်မှာ စကားပြောဖို့ဘဲကျန်တော့တယ်။ ကျနော်တို့လာတာလဲ လူထုအခြေပြုလူ့အဖွဲ့အစည်းအကုန်လုံး အသီးသီးကဝင်ပြီးတော့ ဒီငြိမ်းချမ်းရေးအတွက် အထောက်အကူပြုရအောင် လာရခြင်းဘဲဖြစ်တယ်” လို့ ပြောပါတယ်။
တိုင်းရင်းသားဒေသတွေဘက်က လက်ရှိ အပစ်ခတ်ရပ်စဲရေးကာလ ငြိမ်းချမ်းရေးဖော်ဆောင်နေချိန်ဟာ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အချင်းချင်တွေ့ဆုံဆွေးနွေးမှုတွေထဲမှာ လူထုရဲ့ပါဝင်ပါတ်သက်မှုက ဘယ်လောက်အထိ အရေးပါလဲဆိုတာတွေကို ဆွေးနွေးကြပါတယ်။
တောင်ကြီးမြို့က ကမ္ဘောဇလူငယ် စာကြည့်တိုက်မှ စေတနာ့ဝန်ထမ်း စိုင်းထွန်းနောင်က ရှမ်းပြည်နယ်ဟာလည်း ပြောင်းလဲလာတဲ့ ယခုလိုအချိန်အခါမှာ နိုင်ငံရေးနဲ ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွဲပြီးလုပ်ဆောင်လျှင် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တဒေါင့်တနေရာမှာ ပိုမိုအားကောင်း လာစေမယ်လို့ ပြောပါတယ်။
စိုင်းထွန်းနောင်က “အဓိကကျနော်တို့ဘက်ကလည်း မငြိမ်းချမ်းတာလေးတွေရှိတယ်။ ဒီမှာကျနော်တို့ကလည်း နည်းနည်းပြောပြချင် စရာလေးတွေရှိတာပေါ့နော်။ ဆရာကြီးတွေ၊ ပညာရှင်တွေရဲ့ အတွေးအမြင်လေးတွေက ကျနော်တို့လုပ်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကို အတိုင်းအတာတခုထိ အကျိုးသက်ရောက် မှုရှိလာမယ်လို့ ယူဆတယ်။ အရင်တုန်းက ကျနော်တို့ ဘယ်လိုမှ ပါဝင်ပတ်သက်မှု မရှိခဲ့ဘူး။ အခုတော့ ဖွံ့ဖြိုးရေးနဲ့တွဲပြီးလုပ်နေတာပေါ့” လို့ ပြောပါတယ်။
တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေးယူထားတဲ့အချိန်မှာ ကချင်ပြည်နယ်ကတော့ တိုက်ပွဲတွေဖြစ်နေဆဲပါပဲ။ ကချင်ပြည်နယ်အနေနဲ့ကတော့ ဒီလိုဖြစ်သွားတဲ့ အခြေအနေအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခက်အခဲတွေရှိတယ်လို့ ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ သိက္ခာတော်ရဆရာကြီး ဒေါက်တာဆဘွဲ့ဂျွမ်က ပြောပါတယ်။
ဒေါက်တာဆဘွဲ့ဂျွမ်က “အခက်အခဲကြံုသွားတယ် ဆိုတဲ့နေရာမှာက ဒီဘာမှ မဖြစ်စလောက်တဲ့ဟာကို အကြောင်းပြုပြီးတော့ တိုက်ပွဲတွေပြန်စ အဲဒီလိုတွေ ဖြစ်သွားတဲ့အခါကြတော့ ပြန်ပြီးတော့ ငြိမ်းချမ်းရေး ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်က နည်းနည်းခက်သွားတယ် ဒါက ကချင်အနေနဲ့ပါ။ အဲဒီလိုအခြေအနေ မျိုးမှာ ရှိနေတဲ့အတွက်ကြောင့်မို့လို့ တော်တော်တန့်နေတဲ့သဘောမှာ ရှိတယ်” လို့ ပြောပါတယ်။
၁၉၉၅ ခုနှစ်က အပစ်ခတ်ရပ်စဲရေးလုပ်ထားပြီး ၂၀၁၀ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် လက်မခံခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အဆင်မပြေမှုတွေဖြစ်လာခဲ့တဲ့ မွန်ပြည်သစ်ပါတီကလည်း ယခုလို နယ်မြေတည်ငြိမ်အေးချမ်းဖို့ လုပ်တဲ့နေရာမှာ လူထုတွေရဲ့ အကြံအဉာဏ်ကို သိချင်တယ်လို့ မွန်ပြည်သစ်ပါတီ ပညာရေးဌာနမှ ဒုတာဝန်ခံ ဆရာနိုင်ရော့ဂကောင်း ညီလာခံတက်ရောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
ဆရာနိုင်ရော့ဂကောင်းက “နယ်ခြားစောင့်တပ် လက်မခံတော့ တောထဲကိုပြန်သွားလိုက်တယ်။ ဒါကိုကျ နော်တို့နယ်မှာ တော်တော်လေးကို လူထုကလည်း စိုးရိမ်မှုဖြစ်ပြီးတော့ ဒီနိုင်ငံရေးအခြေအနေတင်းမာနေ တဲ့အချိန်မှာဘဲ ဒီကျန်တဲ့ သွားရေးလာရေးကအစ နယ်မြေလုံခြံုရေးက အစပေါ ့ခက်ခဲတာတွေ့ ရတယ်။ အခုနောက်တခါ အသစ်တဖန်ပြန်ပြီးတော့ ဒီ ၂၀၁၂ မှာကြမှ မွန်ပြည်သစ်ပါတီနဲ့ အစိုးရနဲ့ ပြန်ပြီးတော့ အပစ်ခတ်ရပ်စဲရေးလုပ်ပြီးတဲ့ အခါမှာကျတော့ နယ်မြေတည်တည်ငြိမ်ငြိမ် ပြန်ဖြစ်လာတာတွေ့ရပါတယ်” လို့ ပြောပါတယ်။
ညီလာခံမှာ Norwegian People’s Aid မှ ကိုယ်စားလှယ် Mr. Andreas Indregard က ငြိမ်းချမ်းရေးဖေါ် ဆောင်မှုနဲ့ အရပ်သားလူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေ၊ Myanmar Egress ဥက္ကဌ ဦးတင်မောင်သန်းက Myanmar Peace Centre ရဲ့ အခန်းကဏ္ဍတွေနဲ့ FIVE for PEACE မှ ဆရာဦးစိုးဝင်းငြိမ်းက Media သမားတွေရဲ့လက်ရှိ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအပေါ် အမြင်တွေကို တက်ရောက်ဆွေးနွေးသွားပါတယ်။
ပြည်နယ်ခုနှစ်ခုလုံးနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်း ဒေသကြီးက လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ဘာသာရေးအဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့၊ Gender အဖွဲ့၊ ငြိမ်းချမ်းရေးကိစ္စကို ပုံစံအမျိုးမျိုးနဲ့ ပံ့ပိုးသူတွေ၊ Mediator တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူမှုဖွံ့ဖြိုးရေးအဖွဲ့တွေ၊ သတင်းသမားတွေ ၊ လူငယ်အဖွဲ့အစည်းတွေ၊ စာပေယဉ်ကျေးမှုအဖွဲ့အစည်းတွေ၊ နာရေးကူညီရေးအသင်းတွေ၊ သာဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ တရားမျှတမှုကိုရှာဖွေနေတဲ့ CBOs တွေနဲ့ စွမ်းရည်မြှင့်တင်ရေးအဖွဲ့တွေ အစရှိတဲ့ မြန်မာတနိုင်ငံလုံးမှ အဖွဲ့အစည်းပေါင်း ၅၇ ဖွဲ ့မှ ကိုယ်စားလှယ် ၁၃၀ ဦး တက်ရောက်ကြပါတယ်။
နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထောက်ပံ့မှုတွေပေးနေတဲ့ အလှူရှင်တွေဘက်က Peace Donor Support Group (PDSG) အဖွဲ့မှ ကိုယ်စားလှယ်၊ Myanmar Peace Support Initiative (MPSI) အဖွဲ့မှ ကိုယ်စားလှယ်နှင့် International Peace Support Group (IPSG) အဖွဲ့မှ ကိုယ်စားလှယ်တို့ကလည်း မိမိတို့အဖွဲ့ကနေပြီး ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်တွေနဲ့ထောက်ပံ့မှု အခြေအနေများကို ပြောဆိုဆွေးနွေး သွားကြပါတယ်။
ဒီညီလာခံကို ယမန်နေ့နှင့် ယနေ့အထိ ၂ ရက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ညီလာခံဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်ပေးနေတဲ့ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါက်တာဆဘွဲ့ဂျွမ်ကတော့ ညီလာခံရဲ့အကျိုးရလဒ်ကနေ အနာဂတ်မှာ တိုင်းပြည်ရဲ ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ လူထုပါဝင်မှုက ပိုပြီးအားကောင်း လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
“ဒီညီလာခံကတော့ ကျနော်တို့အားလုံးအတွက် သင့်တော်တဲ့ အကျိုးရှိပါလိမ့်မယ်။ ကျနော်တို့ သိပ်အမြင်မ ကျဉ်းဘဲ ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်စဉ်းစားပြီး ရှေ့ဆက်သွားလို့ရှိရင် ပိုကောင်းသွားမယ်” လို ့ပြောဆိုသွား ပါတယ်။



