မော်ချီးသတ္တုလုပ်ငန်း တိုးချဲ့ရေး ပြည်နယ်အစိုးရမှ တိုက်ရိုက်လုပ်ကိုင်မည်

မော်ချီးသတ္တုလုပ်ငန်း တိုးချဲ့ရေး ပြည်နယ်အစိုးရမှ တိုက်ရိုက်လုပ်ကိုင်မည်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် မော်ချီးသတ္တုတွင်း တူးဖော်ရေး လုပ်ငန်းကို ပြည်ထောင်စုအစိုးရက နည်းပညာရှင် တွေ လွှတ်ပေးပြီး ပြည်နယ်အစိုးရကနေတဆင့် လုပ်ငန်းတိုက်ရိုက်စီမံပိုင်ခွင့်ကို ပေးသွားမယ်လို့  ပြည်ထောင်စု အစိုးရအဖွဲ့ သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းထိုက်က ပြောပါတယ်။

မော်ချီးမှ ထွက်တဲ့ သတ္တုတွင်းထွက် ခဲအမျိုးအစားဟာ ကမ္ဘာ့စျေးကွက် အရည်အသွေးအမှီဆုံး သတ္တု ဖြစ်တဲ့အတွက်ကြောင့် အကျိုးအမြတ်ပိုရရှိနိုင်အောင် ကမ္ဘာ့နည်းပညာအဆင့်နဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ် လို့ ပြောပါတယ်။

ဝန်ကြီး ဦးသိန်းထိုက်က “နည်းပညာအဆင့်နဲ့လုပ်မယ်ဆိုရင် ပိုပြီးတော့ အကျိုးအမြတ်ရှိမယ်လို့ ယူဆရတယ်။ ကျနော်က အဲဒါကို စဉ်းစားနေတယ်။ ဘယ်သူက သာနေလဲ။ ဘယ်သူက မှောင်နေလဲ။ ဘယ်သူက ထိထိမိမိ လာမလဲ။ ကျနော်တို့ပေးပါမယ်။ ပေးတဲ့ခါကျတော့ အဲမှာရှိတဲ့ ဒေသမှာရှိကုမ္ပဏီီနဲ့ ပူးပေါင်း လုပ်ပါ။ ရေရှည် အကျိုး အတွက်ဖြစ်ပါတယ်။ သေးသေးလေး အကျိုးအတွက် ကျနော်တို့ မစဉ်းစားပါဘူး။ ကျနော်တို့ အားမရှိ ဘူး။ အားရှိတဲ့ နည်းပညာရှင်နဲ့ ပေါင်းလုပ်ရမယ်။ ကျနော်တို့အစိုးရ ပညာရှင်တွေလွှတ်ပေးမှာ။ ဒီကိုလွှတ်မှာ။ အဓိက ကယားပြည်နယ် အစိုးရနဲ့ ဒေသခံတွေပဲ လုပ်ရမှာ။ ဒေသဖွံ့ဖြိုးရေးကို လုပ်ကိုလုပ်ရမယ်။ ဒေသခံလူထုအကျိုးမရှိပဲနဲ့ လုပ်လို့မရဘူး” လို့ပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ကရင်နီပြည်နယ် လွိ်ုင်ကော်မြို့ ပြည်နယ်အစိုးရ ခန်းမဆောင်မှာ ကျင်းပတဲ့ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပတင်ပို့မှု အရည်အသွေးမြှင့်တင်ရေးနဲ့ စျေးကွက်ထိုးဖောက်နိုင်ရေး ဆွေးနွေးပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ ပြည်နယ်ရဲ့ သတ္တုတွင်းထွက်လုပ်ငန်းတွေအားလုံးဟာ ပြည်ထောင်စု အဆင့်ကနေဘဲ အားလုံးချုပ်ကိုင်ထားတာပါ။ သို ့သော်လည်း မော်ချီးသတ္တုတွင်းလုပ်ငန်းကို ပြည်ထောင်စု အစိုးရက နည်းပညာရှင်တွေစေလွှတ်ပြီး ပြည်နယ်အစိုးရကို လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ဖို့ ညွန်ကြားသွားပါတယ်။

မော်ချီးသတ္တုတွင်းလုပ်ငန်းကို ကုမ္မဏီတွေနဲ့လုပ်ငန်းတိုးချဲ့ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက် ဦးဆောင်တဲ့ ဝန်ကြီးအဖွဲ့ရ ဦးက  ပြည်နယ်အစိုးရ နဲ့ ကရင်နီပြည်နယ်အတွင်း ငြိမ်းချမ်းရေးယူထားကြတဲ့ ကယန်းပြည်သစ်အဖွဲ့၊ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ ့(က.လ.လတ) အဖွဲ့၊ နဂါးအဖွဲ ့၊ ကြယ်ဖြူအဖွဲ့တွေအပါအဝင် ဒေသခံတွေကို လာရောက် ဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။

အခုလုပ်ငန်းအကောင်အထည်ဖော်မဲ့ မော်ချီးဒေသက လိုခါးလိုရွာကနေ ဆက်တူးမယ်ဆိုရင် ကျေးရွာတွေရွေ ့ပြောင်းရမည့် အခြေအနေရှိနေပါတယ်။ လိုခါးလိုရွာကနေ အောက်ဘက်ကို ဆက်တူးရမှာမို့လို့လူထုတွေ အတွက် နစ်နာမှုတွေကြံုတွေ့ရနိုင်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့မှ အမှတ်(၁) ခရိုင်အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က ပြောပါတယ်။

ဦးဖိုးရယ်က “လိုခါးလိုကို တောင်ပေါ်ခဲတွေတူးဖို့ လိုခါးလိုရွာ ရွှေ့ရမယ်ပြောတော့ အဲဒါက တကယ့်လူထု ဘိုးဘွားဘီဘင်ကတည်းကနေလာတဲ့ ကျေးရွာတွေက သူ့တို့ကို သွားရွှေ့ခိုင်းလို့ရှိရင် စားဝတ်နေရေးအတွက် အခက်အခဲရှိတာပေါ့။ ခဲတူးတာတော့ တူးရမှာပဲလေ ရွာရွှေ့ခိုင်းတဲ့ အတိုင်းအတာထိတော့ မလုပ်ခိုင်းသင့်ဘူး” လို့ ပြောပါတယ်။

သတ္တုလုပ်ငန်းနဲ့ ပြည်ပတင်ပို့မှုစျေးကွက်ဆိုင်ရာဆွေးနွေးပွဲမှာ အဓိက မော်ချီးသတ္တုတွင်းအကြောင်းကို ဆွေးနွေးသွားကြတယ်လို့ သိရပါတယ်။ အစည်းအဝေးမှာတော့ ပြည်ထောင်စုဝန်ကြီး ရ ဦး၊ သတ္တုတွင်း ကုမ္ပဏီများမှ ၂၄ ဦး၊ ငြိမ်းချမ်းရေးအဖွဲ့များမှ ၁၄ ဦး၊ ပြည်နယ်အစိုးရမှ ၁၀ ဦးနဲ့ ဒေသခံများ အားလုံးပေါင်း ၆၆ ဦးတက်ရောက်ခဲ့ကြပါတယ်။