ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လူထုစုပေါင်းတွေ့ဆုံနိုင်သော ခန်းမဆောင်များတည်ဆောက်

ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လူထုစုပေါင်းတွေ့ဆုံနိုင်သော ခန်းမဆောင်များတည်ဆောက်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းတွင် လူထုများ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တနေရာတည်း စုပေါင်းတွေ့ဆုံဆွေးနွေး သင်ယူနိုင်သည့် Community Learning Center ( CLC ) ခန်းမ အဆောက်အဦးများကို Care Myanmar နှင့် လူထုများပူးပေါင်းပြီး ကျေးရွာအလိုက်တည်ဆောက်လျက်ရှိ သည်။

တနီးလာလဲကျေးရွာတွင် (CLC) ဖွင့်ပွဲအခန်းအနား၌ Care Myanmar မှတာဝန်ရှိသူတဦးက အမှာစကားပြောကြားနေနေစဉ် (ဓါတ်ပုံ- KnIC)
ဇူလိုင်လ ၁၈ ရက်နေ့တွင် ဒေါကလော်ဒူအုပ်စု တနီးလာလဲကျေးရွာ၌  (CLC ) ခန်းမအဆောက်အဦး ခန်းမဆောင်ကို ထေးနွိုးအော်ခန်းမဟု ခေါ်ပြီး ဖွင့်ပွဲအခန်းအနား ကျင်းပခဲ့ကြသည်။ 

ဒေါကလော်ဒူ အုပ်စုက ဥက္ကဌ ခူမီရယ်က ကျေးရွာအတွင်းရှိ လူငယ်မောင်မယ်များ  အနာဂတ်တွင် နိုင်ငံရေးအမျှော်အမြင်များ၊ လူမှုရေး၊ စီးပွားရေး စိုက်ပျိုးမွေးမြူရေး စသည့် အသိအမြင် ရရှိလာနိုင်ဖို့အတွက် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ပြောပါသည်။

“ဒီစာကြည့်တိုက်ကို ဖွင့်နိုင်ပြီဆိုရင် အခြားသော အသုံးပြုနိုင်စရာတွေ အများကြီးရှိတယ်။ ဆေးပေးခန်း တွေ ထားလည်းရတယ်။ ငါးနှစ်အောက် ကျနော်တို့သားသမီးတွေ လေ့လာဖို့ပါ။ သူတို့မှာ အလိမ္မာ စာမရှိကြဘူး။ ဗဟုတုတတွေ မရှိကြဘူးလေ။ အခုလောလောဆယ်တော့ ရုံးတော့ဖွင့်နိုင်ပြီ။ ဒါပေမယ့် စာအုပ်စာစောင်တွေ မရှိသေးဘူး။ ကူညီချင်သူတွေရှိရင် ကူညီနိုင်ပါတယ်”  ဟု ခူမီရယ်က ပြောသည်။

( CLC ) ထေးနွိုးအော် ခန်းမဆောင်အတွင်းတွင် ပညာပေးသင်တန်းများပို့ချနိုင်သည့် နေရာခန်းမဆောင် အပြင် ကျေးရွာအတွက်လိုအပ်သော စာကြည့်တိုက်၊ ကျန်းမာရေးဆေးပေးခန်း၊ ကျေးရွာလူထုဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆိုင်သော လုပ်ငန်းများဆောင်ရွက်နိုင်ရန် Care Myanmar  မှ ကူညီထောက်ပ့ံပေး ခြင်းဖြစ်သည်။

ထေးနွိုးအော်ခန်းမ ဖွင့်လှစ်ပွဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များ၊ Care Myanmar ပံ့ပို့ပေးသောအဖွဲ့များ၊ ကယားဖူးနှစ်ခြင်းအသင်းများ၊ လူငယ်မောင်မယ်များနှင့် မိဘပြည်သူများ အားလုံး စုစုပေါင်း လူဦးရေ (၇ဝ) ဦးခန့် တက်ရောက်ကြပါသည်။   
တနီးလာလဲရွာ ( CLC)ထေးနွိုးအော်ခန်းမဆောင်ဖွင့်ပွဲအခန်းအနားအပြီး Care Myanmar မှဝန်ထမ်းများ၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ကျေးရွာရပ်မိရပ်ဖများတွေ့ရစဉ် (ဓါတ်ပုံ-KnIC)
INGOs အဖွဲ့ဖြစ်သည့် Care Myanmar  ကလက်ရှိ ဒီးမော့ဆိုမြို့နယ် အတွင်းတွင် ဒေါကလော်ဒူအုပ်စု၊ ထီးဖိုးကလိုအုပ်စု၊ ငွေတောင်အုပ်စု၊ ဆောင်ဒူလာအုပ်စု၊ ဒေါတော်ကူးအုပ်စုနှင့် နောင်ပုလဲကျေးရွာ အုပ်စုတို့တွင် ( CLC ) အဆောက်အဦးခန်းမဆောင်များ တည်ဆောက်ပေးသည့်အပြင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်းကို ပြုလုပ်နေလျက်ရှိသည်။

စီမံကိန်းတွင် လက်တွဲအကောင်အထည်ဖော်သောအဖွဲ့များမှာ ဒေသခံအဖွဲ့ဖြစ်ကြသော ဂရုဏအဖွဲ့ ၊ ကယားဖူးနှစ်ခြင်းခရစ်ယာန်အဖွဲ့ ၊ ကေထျိူးဘိုးလူမူဖွံ့ဖြိုးရေးအဖွဲ့ ၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့တို့ ဖြစ်ကြသည်။