ကယား(ကရင်နီ)ပြည် တိုးတက်ရေး လူထုကြား ပြေလည်နိုင်တဲ့ ထွက်ပေါက်ရှာဖွေဖို့

ကယား(ကရင်နီ)ပြည် တိုးတက်ရေး လူထုကြား ပြေလည်နိုင်တဲ့ ထွက်ပေါက်ရှာဖွေဖို့
by -
ကန္တာရဝတီတိုင်း(မ်)

ချိုင့်ဝှမ်းချိုင့်ခွက်တွေနဲ့ ပြည့်နက်နေတဲ့ လမ်းတွေ၊ အန္တရာယ်များတဲ့ တောင်စောင်းပေါ်ကလမ်းတွေ ၊ မှိတ်တုန့်မှိတ်တုန့် ဖြစ်နေတဲ့ လျှပ်စစ်မီးတွေ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာနေတဲ့ လက္ခဏာ အင်္ဂါရပ်တွေဟာ ကရင်နီ(ကယား)ပြည်နယ်မှာ အများကြီး တွေ့မြင်နေရပါတယ်။

၂၀၁၁-၂၀၁၂ ခုနှစ်အတွင်းမှာတော့ လမ်းမရဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို နေရာကွက်ကြား ကပ်သရာနဲ့ ထပ်ဆင့်ထပ်ပိုးလွှာ အနည်းငယ် ပြန်လည်ပြုပြင် နေတာတော့ရှိပါတယ်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံး၌ ပြည်နယ်ဝန်ကြီးများနှင့် KNPP အဖွဲ့ခေါင်းဆောင်တို့ ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ-ကေတီ)
ဒေသဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကရင်နီပြည်နယ်မှာလည်း မော်ချီးသတ္တုတွင်းလုပ်ငန်း၊ လောပိတရေအား လျှပ်စစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ငန်းစတဲ့ မြေပေါ်မြေအောက် သံယံဇာတရှိနေပါလျက်နဲ့ အဲဒီက ထွက်တဲ့ အခွန်ဝင်ငွေထွက်ငွေတွေဟာ ပြည်နယ်အတွက်နဲ့ ဒေသခံလူထုအတွက်တော့ ဘာအကျိုးခံစားခွင့်မှ မရှိကြပါဘူး။

ပြည်သူကနေ ရွေးကောက်တင်မြောက်လိုက်တယ်ဆိုတဲ့ အစိုးရသစ်တက်လာပြီး နောက်မှာလည်း ယခုချိန်ထိ ပြောင်းလဲ တိုးတက်လာတာ မတွေ့ရသေးပါဘူး။

ဒါတွေဟာ ပြည်နယ်အစိုးရရဲ့ ပြည်နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေ အားလုံးရဲ့ စီမံကိန်း တွေကို စီမံပိုင်ခွင့်အပေါ်မှာလည်း မူတည်နေပါတယ်။

သို့ပေမဲ့လို့လည်း  ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြည်နယ်မှာထွက်တဲ့ သံယံဇာတတွေအားလုံးရဲ့ ထုတ်ကုန်စီးပွားရေးတွေဟာ ပြည်ထောင်စုအစိုးရနဲ့ပဲ ဆိုင်ပါတယ်လို့ ရေးဆွဲထားပြီးဖြစ်ပါတယ်။

ပြည်ထောက်စုအစိုးရနဲ့ဘဲ တိုက်ရိုက်ချူပ်ကိုင်ထားတဲ့အတွက် ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် ဘာမှမရှိသလို ဘာဝင်ငွေမှလည်းမရှိလို့ ပြည်သူအတွက်လည်း ဘာမှလုပ်မပေးနိုင်ဘူးလို့ ပြည်နယ်အစိုးရ ဝန်ကြီးချူပ် ဦးခင်မောင်ဦး(ခ)ဘူးရယ်က ပြောပါတယ်။ 

“ဒီအခက်အခဲက ကျနော်တို့ဘဲသိတယ်။ ဆိုတော့ ငါ့လူမျိုးတွေ ကျွန်းသစ်နေရာမှာနေပြီး သူအိမ်ဆောက်ပြီး ကျွန်းလေးတခုနဲ့တောင် သူအိမ်ဆောက်နိုင်ဖို့ ခွင့်မရရှာဘူး။ ဒုက္ခက တော်တော်ကြီးနေတယ်။”

ပြည်နယ်ဝန်ကြီးချူပ်က ဇွန်လ (၁၀) ရက်နေ့က လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ကိုယ်စားလှယ်ခေါင်းဆောင်တွေ တွေ့ဆုံစဉ်က ပြောဆိုသွားတာပါ။ 

သမ္မတ ဦးသိန်းစိန်နှင့် ပြည်နယ် တိုင်းဝန်ကြီးများ အစည်းအဝေးတွေမှာ ဝန်ကြီးချူပ်က ပြည်နယ်အစိုး ရကနေ ကိုယ့်ပြည်နယ်သူပြည်နယ်သားအတွက် မီးမရသေးတဲ့ရွာတွေ မီးပေးနိုင်ဖို့ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်ဖို့ တနှစ်လုံးရဲ့ထွက်ရှိတဲ့ လျှပ်စစ်မဂ္ဂဝပ်ရဲ့ အနည်းငယ်ကို စီမံခွင့်ပေးပါလို့ တင်ပြဆွေးနွေးခဲ့ပေမဲ့လို့ မရခဲ့ဘူးလို့ ပြောပါတယ်။

“အခုကျနော်ကတခုတင်ပြတယ်။ ဒါကဘတ်ဂျက်ကမပါဘူးဆိုတော့ ဘာမှလုပ်မရဘူးဖြစ်နေတယ်။ မတတ်နိုင်ဘူးဖြစ်နေတယ်။ နယ်ဆင်းတော့လည်း ဂတိလည်းမပေးရဲဘူး။ ပေးရအောင်လည်း ကိုယ်ကလည်းလုပ်မပေးနိုင်ဘူး။ ခက်နေတာဘဝက အဲလိုဖြစ်နေတာ” လို့ ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ တည်ရှိနေတဲ့ အခြေအနေဟာ ပြည်သူတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေး နိုင်တဲ့ အနေအထားက ရာခိုင်နှုန်း အနည်းငယ်မျှသာရှိတယ်လို့ ကရင်နီပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဦးတော့ရယ်က ပြောပါတယ်။

“ဒေသဖွံ့ဖြိုးရေး

လုပ်ငန်း အလုပ်တစ်ခုဟာ ရှေ့ဆက်ရမည့် စနစ်အထိ သူများတကာအရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ကာလ တိုးတက်နေတဲ့အချိန်မှာ ကျနော်တို့က သမားရိုးကျနဲ့ သွားမယ်ဆိုရင် ဘယ်တော့အခါမှ လိုက်မီနိုင်မလဲ”

ကရင်နီပြည်နယ်လွိုင်ကော်မြို့နယ်အတွင်းမှာ ဒေသရဲ့လိုအပ်ချက်တွေ ဒေသရဲ့ဖွံ့ ဖြိုးတိုးတက်မှုတွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ဖို့နဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံ ဆွေးနွေးပွဲမှာ ဝန်ကြီးဦးတော့ရယ်က ပြောသွားတာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရကနေ ပြည်နယ်အစိုးရရဲ့ လက်ထဲကို လွှဲအပ်လိုက်တဲ့ ဘိလပ်မြေစက်ရုံ စီမံကိန်းဟာ အောင်မြင်မှု မရှိခဲ့ဘူးဆိုရင် ဒီအခွင့်အရေးဟာ နောက်တကြိမ် ပြန်မရနိုင်ဘူး လို့ဆက်ပြောပါတယ်။
ဘိလပ်မြေစက်ရုံတည်ဆောက်မည့် စီမံကိန်းအတွက် ပြည်နယ်အစိုးရ၊ Square Power ကုမ္မဏီအဖွဲ့ နှင့် ဒေသခံလူထုတွေ့ဆုံပွဲ လွိုင်ကော်မြို့နယ် ချိကယ်ရွာ၌ကျင်းပနေစဉ် (ဓါတ်ပုံ-ကယားလီဖု)
ယခုဒီဘိလပ်မြေစက်ရုံ ဆောက်မယ် မဆောက်ဘူးဆိုတာကို ပြည်နယ်အစိုးရနဲ့ ဒေသခံလူထုတွေ အခြေအနေက မပြေလည်နိုင်သေးပဲ ရှိနေပါတယ်။

အခုအချိန်က ပြည်သူတွေရဲ့အသံကို အဓိကနားထောင်နေရမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဖို့ ဆိုပြီး အတင်းအဓမ္မ လာဆောက်လို့မရတဲ့ အခြေအနေမျိုးမှာ တည်ရှိနေပါတယ်။ အဲဒီစက်ရုံကို လွိုင်ကော်မြို့နဲ့ သိပ်မဝေးတဲ့ မြို့ပြင်နားမှာ ဆောက်မှာဖြစ်တဲ့အတွက် အဲဒီနီးနားမှာတည်ရှိနေကြတဲ့ ကျေးရွာသူ/သားတွေက သူတို့ရဲ့ မြေယာနဲ့ လုပ်ကိုင်စားသောက်နေရတဲ့  ဘဝတွေ တောတောင်ရေမြေတွေ ပျက်စီးမှာကို စိုးရိမ်နေကြရပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

ဘိလပ်မြေစက်ရုံ တည်ဆောက်မည့်နေရာနဲ့နီးတဲ့ ဒေါမူကလပ်ရွာက ဦးဖရေးရယ်က “မလုပ်နဲ့လို့တော့မ ပြောဘူး။ လုပ်ပါ ဒါပေမဲ့ နည်းနည်းဝေးတဲ့နေရာမှာ သွားလုပ်ပါ ။ ဟို့တောင်ရဲ့ အပြင်ဘက်ဖြစ်ဖြစ် ဝေးတဲ့နေရာပေါ့ ရွေ့လိုက်ရင်တော့လက်ခံတယ်။ ဒီနားမှာလုပ်တော့ ကျနော်တို့နဲ့ အရမ်းနီးနေလို့ ကျနော်တို့အတွက် ဆိုးကျိုးတွေများလိမ့်မယ်လို့ ထင်လို့ပါ”  လို့ ပြောပါတယ်။

ဒေသခံတွေ အလုပ်လက်မဲ့ မဖြစ်ရလေအောင် ထိုက်တန်တဲ့လျှော်ကြေးကိုပေးပြီး  ထိုက်သင့်တဲ့နေရာ ၊ ရာထူးနဲ့လစာကို အောက်ဆုံးအဆင့်ကနေပြီး Supervisor  ဒုတိယအင်ဂျင်နီယာ၊ အင်ဂျင်နီယာချူပ်ဖြစ်တဲ့ အထိ ဖြစ်သွားအောင် လေ့လာသင်ကြားပေးဖို့ အာမခံပေးရဲပါတယ်လို့ Square Power လီမီတက်ကုမ္မဏီက ဒါရိုက်တာဖြစ်တဲ့ ဦးသက်မောင်ဦးက ပြောပါတယ်။

“ကျနော်တို့ ဒီကိုလာတာသည် နိုင်ငံခြားကလူကိုအလုပ်ပေးဖို့ လာတာမဟုတ်ပါဘူး။ သူတို့ဆီက နည်းပညာ ကိုယူဖို့ ကိုယ့်ပြည်သူပြည်သားကိုပေးဖို့ လာတာဖြစ်တယ်။လွိုင်ကော်မှာ နည်းပညာတက္ကသိုလ်ကြီးရှိတယ်။ ဟီးနေအောင်ဆောက်ပါရဲ့ အလုပ်လုပ်ဖို့နေရာမရှိဘူး။ နည်းပညာတက္ကသိုလ် ၅ နှစ်သွားပြီးဘွဲ့ယူတယ်။ အင်ဂျင်နီယာကြီး တက်လာတယ်။ ဘာလုပ်ကြမလဲ ကိုယ့်ဘာသာကိုယ် စဉ်းစားကြ”

လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာမှာလုပ်တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

ပြည်နယ်ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးကိစ္စရဲ့ လုပ်ပိုင်ခွင့်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ကရင်နီအမျိုး သားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ခူးဦးရယ်က “ကျနော်တို့ရဲ့ အခြေအနေက နှစ်ပေါင်းတော် တော်ကြာခဲ့ပြီ နောက်ကျကျန်ခဲ့ပြီး ရတဲ့အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို စပြီးသိတဲ့အချိန်လေးမှာ ကျနော်တို့ နိဓါန်းမပျိုးထားရင် ဟိုချိန်ကျမှ ဟိုချိန်ရောက်မှ ကျနော်တို့ စောင့်နေရင်တော့ ကျနော်တို့တော် တော်လေး နောက်ကျသွားအုံးမယ်” လို့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

လက်ရှိကရင်နီပြည်နယ်ရဲ့ အပစ်ခတ်ရပ်စဲထားတဲ့ ကာလအချိန်အခါလည်းဖြစ်တယ် ပြည်နယ်ရဲ့ လိုအပ်ချက်ကလည်း များနေတယ်ဆိုတဲ့ အနေအထားမှာ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရစီမံကိန်းလုပ်ငန်းဟာ လူထုအကြားမှာ ပြေလည်နိုင်တဲ့ နည်းလမ်းနဲ့ ထွက်ပေါက်ကတော့ရှိမှာ သေချာပါတယ်။