ကရင်နီပြည်နယ် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေကြတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ပြည်ထောင်စု အစိုးရတို့ဟာ စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချနိုင်သေး၍ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ထပ်မံ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့် နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲမှာ ဒုတိယအကြိမ် ပြည်ထောင်စု ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ နေရာ ချထားရေးတွေကို အကြေအလည် ပြန်လည် ဆွေးနွေးကြမှာ ဖြစ်ပါတယ်လို့ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က အခုလို ပြောပါတယ်။
“တင်ပြထားတဲ့ အချက်တွေထဲက အဓိက ပြောချင်တာက ဒေသခံတပ်တွေထဲက ကယားပြည်နယ်အပြင်က တပ်မ (စကခ)တွေ ကယားပြည်နယ်ထဲ ရောက်နေတဲ့ တပ်တွေ ပြန်ဆုတ်ခွာဖို့ တင်ပြထားတယ်။ အဲဒါကို အခုတကြိမ်မှာတော့ မဆုံးဖြတ်နိုင်သေးဘူး။ နောက်တစ်ကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ နှစ်ဖက်က ပြန်ဆွေးနွေးမယ်။ နောက်ဆုံး အနေနဲ့ ပြည်ထောင်စုအဆင့် ပထမအကြိမ် ဆွေးနွေးပွဲ သဘောတူညီချက် ထားကြတယ်။”
ယမန်နေ့က လွိုင်ကော်မြို့ တပ်မတော်ခန်းမမှာ KNPP အဖွဲ့မှ ခူဦးရယ် အဖွဲ့ခေါင်းဆောင် ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ အဖွဲ့မှ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့ မနက် ၈ နာရီအချိန်ကနေ ည ၈ နာရီထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နှစ်ဦးနှစ်ဖက် တပ်ဖွဲ့ တပ်စခန်းတွေ သတ်မှတ်တာတွေ၊ သွားလာလှုပ်ရှားတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး သတ်မှတ်တာတွေကိုလည်း နောက်တစ်ကြိမ်မှာ ပြန်ပြီး အဖြေရှာမယ်လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။
KNPP ဘက်မှ တင်ပြချက်တွေကို အချက် ၁၄ ချက်ဖြင့် သတောတူလက်မှတ်ရေးထိုးကြပါတယ်။ ဆွေးနွေးပွဲ မှာတော့ ပြီးခဲ့တဲ့ မတ်လ ရ ရက်နေ့က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး ထိုးခဲ့ကြတဲ့ အချက် ၂၀ ကို အခြေခံပြီး ဆက်လက်ဆွေးနွေးကြပါတယ်။ အဓိကကတော့တပ်ပိုင်းဆိုင်ရာ တွေကို ဆွေးနွေးဖြစ်ကြပြီး အခု ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာတော့ ဆုံးဖြတ်ချက် မချနိုင်ကြသေးတဲ့ အခြေအနေမှာပဲ ရှိနေကြပါတယ်။
မှတ်ချက်။ ။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားချက်အရ နှစ်ဦးနှစ်ဖက် သဘောတူညီထားသော အချက် ၁၄ ချက်ကို ဖော်ပြထားပါတယ်။
၁။ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့။
၂-က။ တပ်ဖွဲ့ တပ်စခန်းတွေ သတ်မှတ်တာတွေ၊ သွားလာလှုပ်ရှားတဲ့ နေရာတွေ သတ်မှတ်တာတွေ အဲဒါကိုလည်း နောက်တစ်ကြိမ်မှာ ပြည်ထောင်စု အဆင့်မှာ ပြန်ပြီး အဖြေရှာမယ်။
၂-ခ။ ဆက်ဆံရေးရုံးကို လွိုင်ကော်မြို့ရုံးချူပ်၊ ဖားဆောင်မြို့၊ မဲစဲရုံးခွဲအဖြစ် ထားမယ်။
၃၊ အစိုးရနဲ့ KNPP ကြားမှာ ပစ်ခတ်ရပ်စဲရေး ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ ဒေသကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့သွားဖို့။
၄။ ကယားပြည်နယ်အတွင်း အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကို တခြားလူထုအတွက် အကျိုးပြုနိုင်တဲ့ သင်တန်းကျောင်း တခုခု ပြောင်းလဲပေးဖို့ တင်ပြထားတာကို အစိုးရက ပြည်နယ်အစိုးရကိုကနေပြီး ပြည်နယ်အဆင့် လေ့လာသုံးသပ်တဲ့ အဖွဲ့ကို ဖွဲ့မယ် ပြီးရင် လေ့လာသုံးသပ်တဲ့ အဖွဲ့ကနေပြီး အစီရင်ခံစာ တစ်စောင်ကို နိုင်ငံတော် သမ္မတကို တင်ပြဖို့။
၅။ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်တဲ့ IDP တွေကို ပြန်လည် နေရာချထားဖို့အတွက်မှာတော့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူလိုက်တယ်။
၆။ ကယားပြည်နယ်အတွင်းမှာ အကောင်အထည်ဖော်မယ့် ရွာသစ်စီမံကိန်း အပါအဝင် အကြီးစား စီမံကိန်းတွေ အများပြည်သူလူထု၊ လူမှုအသင်းအဖွဲ့တွေ လေ့လာခွင့် ပြုဖို့ သူတို့ကို ပွင့်လင်းမြင်သာမှု ရှိစေဖို့ အသိပေးချပြပေးဖို့။
၇။ ကယားပြည်နယ်အတွင်း လူ့အခွင့်အရေး ချိူးဖောက်မှု မရှိစေဖို့အတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့။ local monitoring အဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်ဖို့ သဘောတူတယ်။
၈။ အသွင်ကူးပြောင်းရေး ကာလမှာ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ NGOs အဖွဲ့တွေကို ဆက်လက်လုပ်ကိုင်ခွင့် ပြုမယ်။ နောက်ပြီး တဆက်တည်းမှာပဲ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရကို တင်ပြသွားဖို့ သဘောတူသွားတယ်။
၉။ KNPP တပ်ဖွဲ့ရဲ့ မိသားစုဝင်တွေကို အစိုးရရဲ့ အကူအညီနဲ့သော်လည်းကောင်း၊ နိုင်ငံတကာရဲ့အကူအညီနဲ့ သော်လည်းကောင်း ကူညီပေးသွားဖို့ သဘောတူတယ်။ အဖွဲ့အစည်းအတွက် စီးပွားရေး၊ ကုမ္မဏီ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ခွင့်ပြုချက်အရ ကူညီဆောင်ရွက်ပေးဖို့ သဘောတူတယ်။
၁၀။ KNPP လက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အကျဉ်းသားတွေ ဖမ်းဆီးထားတာတွေ၊ ရာဇာဝတ်မှုမှအပ အမြန်ဆုံး လွှတ်ပေးဖို့။
၁၁။ နှစ်ဖက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်မှာ နှစ်ဦးနှစ်ဘက်က သဘောတူတဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ထားဖို့ သဘောတူတယ်။
၁၂။ ကယားပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ လူနေမှုဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့။
၁၃။ ပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ အားလုံးပါတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ တနိုင်ငံလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပဖို့။
၁၄။ ၂၀၁၂ ခုနှစ် မတ် ရ မှာပြည်နယ်အဆင့် လက်မှတ်ရေးထိုးခဲ့တဲ့ ပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ ဇွန်လ ၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူချက်တွေကို နှစ်ဦးနှစ်ဘက် အဖွဲ့အစည်းက တာဝန်ခံမှု ရှိတဲ့အကြောင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်။



