ကရင်နီကျောင်းသားတွေ လမ်းလျှောက်အမှိုက်ကောက်ပွဲပြုလုပ်

ကရင်နီကျောင်းသားတွေ လမ်းလျှောက်အမှိုက်ကောက်ပွဲပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဇွန်လ ၅ ရက် ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်နေ့ကို ကမ္ဘာအနှံ့က နေရာ အချို့မှာ ကျင်းပကြပါတယ်။ ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင်အတွင်းက ကရင်နီဒုက္ခသည် အမှတ်၁စခန်းမှာတော့ ကရင်နီဆယ်တန်း လွန်ကျောင်းသား/သူတွေက တရပ်ကွက်ပြီးတရပ်ကွက် လမ်းလျှောက်ပြီး အမှိုက်ကောက်တဲ့လုပ်ရှားမှု တရပ်ပြုလုပ်ကြပါတယ်။

ကရင်နီဆယ်တန်းလွန်ကျောင်းသား/သူတွေက တရပ်ကွက်ပြီးတရပ်ကွက် လမ်းလျှောက်ပြီး အမှိုက်ကောက် တဲ့လုပ်ရှားမှု (ဓါတ်ပုံ-ကေတီ)
"သဘာဝပတ်ဝင်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ ကျမတို့နဲ့အတူ ပါ၀င်ချီတက်ကြပါစို့… ကျမတို့လူသားအားလုံးမှာ သဘာဝပတ်ဝင်းကျင်ကို ထိန်းသိမ်းဖို့တာဝန်ရှိပါတယ်။"

ကျောင်းသား/သူအယောက် ၁၀၀ ကျော် ရပ်ကွက်အတွင်း အမှိုက်ကောက်ချီတက်နေစဉ် ကျောင်းသူတဦး ဖြစ်တဲ့ မနန်းခမ်းစိန်ရဲ့ နိုးဆော်သံဘဲဖြစ်ပါတယ်။

ရပ်ကွက်ထဲက မိဘပြည်သူတွေကို ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး ပြဇတ်တိုများကို ရပ်နားတဲ့ နေရာတိုင်း ပြသပေးပြီး အကတွေနဲ့လည်း ဖျော်ဖြေတင်ကြပါတယ်။

“ဝမ်းသာတယ်ပေါ့နော်၊ ဘာဖြစ်လို့တုန်းဆို ကျမတို့ လူသားတိုင်းမှာတာဝန်ရှိတယ်လို့ ကျမခံစားရတယ်၊ ခံယူတယ်။ အဲ့ဒါကြောင့် ကျမတို့ အဲ့လိုမျိုးပါဝင်ခွင့် ရတဲ့ အတွက်ကြောင့် ကျမရင်ထဲမှာ ပီတိဖြစ်ရတယ်။"

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်များနေ့ ချီတက်လမ်းလျှောက်ရာမှာ ပါဝင်ခဲ့တဲ့ KnCC ကရင်နီ ဆယ်တန်း လွန်ကျောင်း မှ နန်းခမ်းစိန်က သူမရဲ့ ခံယူချက်ကို အခုလိုပြောပြသွားတာပါ။

ဒီလိုလုပ်ရှားမှုကို ကရင်နီဆယ်တန်းလွန်ကျောင်း KnCC နဲ့  ကက်သလစ် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဖြစ်တဲ့ COERR တို့ကနေ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြတာပါ။

လူသားတိုင်းဟာ  မိမိတို့ရဲ့ပတ်ဝန်းကျင်ကို မိမိတို့ ကိုယ်တိုင်ဖန်တီးနေလာကြပါတယ်။ အမှန်တော့ ပတ်ဝန်းကျင်နဲ့ လူသားတွေဟာ အမှီသဟဲပြုနေထိုင်နေကြတာပါ။

အဲ့လို အမှီသဟဲပြုနေထိုင်နိုင်ခြင်းကို လျစ်လျူရှုပြီး သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေရင် နောက်ဆုံး ကျနော်၊ကျမတို့ နေထိုင်တဲ့ ကမ္ဘာကြီးက ဒုက္ခအတိရောက်မှာဖြစ်ပါတယ်။

“သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းဖို့ ကျနော်တို့ တယောက်တည်း လုပ်မယ်ဆိုလို့ရှိရင် မဖြစ်နိုင်ဘူး၊ အဖွဲ့အစည်းအသီးသီး အားလုံးပါဝင်ပူးပေါင်းနိုင်မှသာလျှင် ကျနော်တို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မယ်။”

COERR မှ သဘာဝပတ်ဝန်းကျင်နဲ့စိုက်ပျိုးရေးမှ ဆူရီ း က ပြောပြသွားတာပါ။ ဆက်လက်ပြီး သူကပဲ…

“ စိုက်ပျိုးရေးနဲ့ သစ်တောထိန်းသိမ်းရေးကို ကျနောတို့ ခွဲခြားလို့ မရဘူး၊ စိုက်ပျိုးရေးပဲ လုပ်ပြီးတော့ သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းလို့ မရပါဘူး၊ ဒါကြောင့် ဒီမှာ ရှိတဲ့ လူတွေက ပထမဆုံး စိုက်ပျိုးရေးကို လုပ်မယ် ပြီးတော့ ပြန်ပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်မယ်ဆိုရင်တော့ ကျနော်တို့ဟာ ကမ္ဘာကြီးမှာ အကြာကြီးနေထိုင်လို့ ရမှာဖြစ်ပါတယ်။”

အခုလိုမျိုး ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့မှာ ဒီလိုလမ်းလျှောက်ပြီး အမှိုက်ကောက်တဲ့လုပ်ရှားမှုကို ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ ကျောင်းသားထုကနေ ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Most read this week