ဒေသခံပိုင်ဆိုင်သော မြေနေရာမှာ စိုက်ပျိုးခွင့်မရ

ဒေသခံပိုင်ဆိုင်သော မြေနေရာမှာ စိုက်ပျိုးခွင့်မရ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ဖရူဆိုမြို့နယ်မှာ စစ်သင်တန်းကျောင်း ဆောက်လုပ်ထားတဲ့နေရာအနီးတဝိုက် သိမ်းဆည်းခံ ထားရတဲ့ မြေနေရာများမှာ ဒေသခံတွေအနေနဲ့ သီးနှံများပြန်လည်စိုက်ပျိုးရန် လိုအပ်နေပေမယ့်လည်း လုံခြံုရေးတပ်တွေချထားတဲ့အတွက် မလုပ်ကိုင်နိုင်ကြဘူးလို့ ဆိုပါတယ်။

ဒေသခံခြံမြေကို သိမ်းဆည်းပြီး စစ်လေ့ကျင်းရေးကွင်းအဖြစ်တည်ဆောက်ထားသည့်နေရာ (ဓါတ်ပုံ-ကေတီ)

"အခုမိုးဦးကျအချိန် ရောက်ပြီဖြစ်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းကို စတင်ရတော့မှာပါ။ သိမ်းဆည်းခံထားရတဲ့နေရာမှာ ပျိုးပင်တွေ စိုက်ဖို့ ခြံတွေရှင်းနေတဲ့ ဒေသခံရွားသားတွေကို သူတို့(လုံခြံုရေးတပ်) မောင်းထုတ်တဲ့အတွက် စိုက်ခွင့်မရတော့ပါဘူး" လို့ ဖရူဆိုမြို့နယ်ကဒေသခံတဦးက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ရေးသင်တန်းလေ့ကျင့်ရေးကွင်း တည်ဆောက်ဖို့အတွက် ဖရူဆိုမြို့နယ်အတွင်းမှာ ပြည်သူပိုင် လယ်ယာမြေ ဧက ၂၇၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ သိမ်းဆည်းခဲ့တာပါ။

မတရားသိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာ မြေတွေပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ ဒေသခံတွေအနေနဲ့ ဥပဒေကြောင်း အရ သိရှိနားလည်တဲ့ ရှေ့နေတွေကို ရှာကြံနေကြသလို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ကိုလည်း ချဉ်းကပ်မှုတွေ ပြုလုပ်ထားပါတယ်။

"အစိုးရက ဒေသခံတွေရဲ့အသံကို နားမထောင်ဘူး။ အခုသိမ်းဆည်းခံထားရတဲ့ နေရာမှာဆိုရင် အစိုးရတပ်တွေ တင်းတင်းကြပ်ကြပ်ချထားတုန်းဘဲ။ ဒီကိစ္စက အရေးကြီးတဲ့အတွက် လာမည့်ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲမှာ ဦးစားပေးတင်ပြဆွေးနွေးဖို့လိုပါတယ်" လို့ မြေသိမ်းခံရတဲ့ ဒေသခံရွာသားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဖရူဆိုမြို့ခံတဦးက ပြောပါတယ်။

သိမ်းဆည်းခဲ့တဲ့ မြေနေရာမှာ အဆောက်အဦးတွေ တည်ဆောက်ပြီးဆီးပြီဖြစ်တဲ့အတွက် ပြန်လည်ရုပ်သိမ်းဖို့ မဖြစ်နိုင်တော့ကြောင်း၊ အဆိုပါစစ်သင်တန်းကျောင်းကို ဆက်လက်အသုံးပြုနိုင်ဖို့ KNPP တပ်တွေပါ ပါ၀င်လာနိုင်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်တဲ့အရာရှိတွေ မွေးထုတ်သွားမယ်ဆိုတဲ့ အစီအစဉ်တွေ အစိုးရဘက်ကချထားတယ်လို့ သိရပါတယ်။

အဲဒီအစဉ်အစဉ်တွေအတွက် ဘယ်လိုသဘောတူညီမှုတွေ ထွက်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး ယခုဇွန်လ ပထမအပတ်မှာ KNPP နဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေး ပွဲအပြီးမှာ သိရှိရမှာဖြစ်ပါတယ်။

Most read this week