ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ - KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို လာမယ့် ဇွန်လ ပထမပတ်အတွင်း ကရင်နီပြည် လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

“အကြမ်းဖျင်း သဘောတူထားကြတာတော့ ဇွန်လ ၉ ရက်နေ့လောက်မှာ အကြမ်းဖျင်းတွေ့နိုင်မယ်လို့တော့ မျှော်မှန်းထားပါတယ်” လို့ KNPP အတွင်းရေးမှူး - ၁ ခူဦးရယ်က ပြောပါတယ်။
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို KNPP က အတွင်းရေးမှူး-၁ ခူဦးရယ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၉ ဦးတို့ တက်ရောက်ကြမှာဖြစ်ပြီး ပြီးခဲ့တဲ့ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲတုန်းက တင်ပြထားခဲ့တဲ့ အချက် ၂၀ ချက်ကိုဘဲသဘောတူညီနိုင်တဲ့ အဆင့်ရောက်အောင် အကြေအလည် ပြန်လည်ဆွေးနွေးမှာဖြစ်တယ်လို့သူက ပြောပါတယ်။
“ကျနော်တို့ တင်ပြဆွေးနွေးတဲ့ အချက်တွေအားလုံးဟာ လူထုတွေရဲ့ ဘဝအခြေအနေအရပ်ရပ်နဲ့ ဖြစ်ပေါ်နေတဲ့ အခြေခံအကြောင်းအချက်တွေကိုပဲမှီပြီး ကျနော်တို့က ထည့်သွင်းစဉ်းစားထားတာ ဆိုတော့ ကျနော်ထင်ပါတယ် ဒီတင်ပြချက်တွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်ပြီးသော်၎င်း လူထုတွေအတွက် အကျိုးသက်ရောက်မှု ရှိပါတယ်”
KNPP နဲ့ အစိုးရတို့ဟာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့ မတ်လ ရ ရက်နေ့က ကရင်နီပြည် လွိုင်ကော်မြို့မှာ ပဏာမအဆင့် သဘောတူလက်မှတ် ရေးထိုးကြပါတယ်။



