မတူညီတဲ့ ဘဝအတွေ့အကြံု စင်္ကာပူနဲ့ ကရင်နီကျောင်းသားတို့ နှီးနှောဖလှယ်

မတူညီတဲ့ ဘဝအတွေ့အကြံု စင်္ကာပူနဲ့ ကရင်နီကျောင်းသားတို့ နှီးနှောဖလှယ်
by -
ကန္တာရဝတီတိုင်း(မ်)

စင်္ကာပူတက္ကသိုလ်ကျောင်းသားတွေနဲ့ ကရင်နီဆယ်တန်းလွန် ကျောင်းသားတစုတို့ မေလ ၂၈ ရက် နေ့က ထိုင်းနိုင်ငံနယ်စပ်တနေရာမှာ တွေ့ဆုံခွင့်ရကြပြီး မတူညီတဲ့ဘဝအတွေ့အကြံုတွေ ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။

KnCC ကျောင်းသူကျောင်းသားများနှင့် စင်္ကာပူကျောင်းသားများ အတူတကွ ဓါတ်ပုံရိုက်ကူးစဉ် (ဓါတ်ပုံ-ကေတီ)
ကျောင်းသားဘဝက အတွေ့အကြုံတွေနဲ့ အသိပညာဗဟုသုတများကို နှီးနှောဖလှယ်ဖို့ စင်္ကာပူတက္ကသိုလ် National University of Singapore-NUS မှ ကျောင်းသား/သူများနှင့်  ကရင်နီဆယ်တန်းလွန်ကျောင်း Karenni Community College-KnCC မှ ကျောင်းသား/သူ ၁၅ ဦးတို့ တွေ့ဆုံခဲ့ကြတာပါ။

“ကျမအခုသူတို့နဲ့ တွေ့ပြီး သတိထားမိတာတခုက ဒီ KnCC ကျောင်းက ကျောင်းသူ၊သားတွေက များသောအားဖြင့် ပညာကို လိုလိုလားလား သင်ယူချင်ကြတယ်၊ သူတို့ရဲ့ဘဝကို မြှင့်တင်ချင်ကြတယ်။ ဒါပေမယ့် ကျမတို့ စင်္ကာပူက လူတွေကတော့ များသောအားဖြင့် မူလတန်းတက်မယ်၊ ပြီးရင် အလယ်တန်း၊ ပြီးအထက်တန်း ပြီးတော့ တက္ကသိုလ်ပေါ့။ ဒီလိုပဲသူများတွေ လုပ်သလိုသမရိုးကျ အတိုင်းလိုက်လုပ်ကြတယ်။ ဒါပေမယ့် သူတို့ကျတော့ သူတို့ရဲ့ ဘဝသစ်အတွက်နဲ့ ဆင်းရဲခြင်းမှ လွတ်မြောက်ဖို့ ရုန်းကန်နေကြရတယ်။ နောက်ဆုံးမှာသူတို့က community ကို ပြန်လည် အလုပ်အကျွေးပြုဦးမယ်တဲ့။ ဒါကြောင့် ကျမပြောချင်တာက အခုလိုမျိုးသူတို့နဲ့ တွေ့ခွင့်ရပြီးသူတို့ဆီက တစုံတခုကို ပြန်လည်သင်ယူရတဲ့အတွက် ကျမအရမ်းကျေးဇူးတင်ပါတယ်။ ဒါတွေက ကျမတို့ စင်္ကာပူမှာမရနိုင်တဲ့ အရာတခုပါ။”

စင်္ကာပူတက္ကသိုလ်ကျောင်းသူ ခိုင်းလင်န် က ကရင်နီကျောင်းသားတွေနဲ့ တွေ့ဆုံပြီးနောက် အခုလို ပြောပြသွားတာပါ။

ယခင်နှစ်ကလည်း ကရင်နီကျောင်းသား/သူတွေနဲ့ အခုလိုတွေ့ဆုံမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူမကတော့ ယခုတခေါက်မှ လာရောက်ခွင့် ရတာပါလို့ ပြောပါတယ်။

“ကျနော့ အနေနဲ့ဆိုတော့ အရမ်းစိတ်ချမ်းသာတယ်။ ဘာဖြစ်လိို့လဲဆို သူတို့လာတာ အရမ်းပျော်တယ်။ သူတို့လည်း ကျနော့ကို သူတို့ရဲ့ နိုင်ငံရဲ့ အကြောင်းကို အကုန်လုံးပြောပြတယ်။ သူတို့လေ အရမ်းကြင်နာ ကောင်းတယ်၊ ပြီးတော့ ခင်ဖို့လည်း ကောင်းတယ်။ ပြီးတော့ ကျနော်ဆို အရမ်းစိတ််ချမ်းသာတယ် သူတို့ကိုတွေ့ရတာ။”

KnCC မှ ဒုတိယနှစ်ကျောင်းသား ခိုင်းလီးက ပြောပြသွားတာ ဖြစ်ပါတယ်။

ကရင်နီကျောင်းသားတွေနဲ့ စင်ကာပူကျောင်းသားတွေ ယခုလိုတွေ့ဆုံခွင့်တွေရဖို့ ဖန်တီးပေးရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပါ၀င်ဦးဆောင်တဲ့နေရာမှာ တဦးအပါအဝင်လည်းဖြစ် စင်္ကာပူတက္ကသိုလ် NUS မှ ဘွဲ့ရထားတဲ့သူလည်း ဖြစ်တဲ့ စီလင်းန်က အခုလိုရှင်းပြပါတယ်။

“အရေးကြီးဆုံးတခုက ကျမတို့ရဲ့ ကျောင်းသူ၊သားတွေကို မတူကွဲပြားတဲ့ဘဝတွေရယ်၊ အဓိကကတော့ ဒီကရင်နီလူမျိုးတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို သိစေ၊မြင်စေချင်တာပါ။ ကျမတခါတလေ ခံစားရတယ်၊ ကျမက စင်္ကာပူကဘဝကိုပဲ နားလည်တယ်၊ တခြားအပြင်လောကမှာ ဘာတွေ တကယ်ဖြစ်နေလဲဆိုတာကို တော့ မသိဘူး။ ဒါကြောင့် အခုလိုလာပြီး ကျမတို့ရဲ့ ဘဝအကြောင်းတွေ၊ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ ကို လာပြောပြမယ်၊ ပြီးတော့ သူတို့ ရဲ့ဟာကို တလှည့်ပြန်ပြီးနားထောင်ပေးရင်းနဲ့ အပြန်အလှန် သင်ယူချင််လို့ပါ။"

စီလင်းန်ဟာ ယခင်နှစ်တုန်းက တွေ့ဆုံမှုမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက သူမဟာဘွဲ့ မရရှိသေးပါဘူး။ ယခုဘွဲ့ရပြီး ဒုတိယအကြိမ် တခြားကျောင်းသားတွေနဲ့ လာရောက်ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးသူမကပဲ

“ကျမဒီက ကရင်နီကျောင်းသူ၊သားတွေကို ပြောချင်တာက ဘယ်တော့မှ ဘဝကိုအရှုံးမပေးကြပါနဲ့လို့ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တွေကဘဝရဲ့ တိုက်ပွဲကို ခက်ခက်ခဲခဲ ဆင်နွှဲလာခဲ့ကြပြီးသား လူတွေပဲလေ။ အကယ်၍ သူတို့သာ အရှုံးမပေးဘူးဆိုရင် သူတို့မှာရှိပြီးသား အိ်ပ်မက်တွေ၊ မျှော်လင့်ချက်တွေ နောက်ဆုံးမှာ တကယ်ဖြစ်လာမှာပါလို့ ပြောချင်ပါတယ်။”

Most read this week