ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေါတခြားကျေးရွာအုပ်စုမှာ အစိုးရမှ ဘိလပ်မြေစက်ရုံတည်ဆောက်ရေး စီမံကိန်းအပေါ် ဒေသခံလူထုများက ကန့်ကွက်ကြတယ်လို့ သိရပါတယ်။

“အခု နောက်ဆုံးအခြေအနေက ဒေါတခြားဖက်ရောက်သွားပြီ။ အစက ပကျဲတောင်ခြေမှာ ဒေသခံတွေက လက်မခံဘူး။ ကယားပြည်နယ် ၀န်ကြီးလူကြီးတွေက များသောအားဖြင့် အဲမှာနေကြတယ်။ ၊ အဲဒါနဲ့ တောင်သုံးလုံးဖက်ကို ထပ်ပြောင်းသွားလိုက်တယ်။ အဲမှာလည်း ချိကယ် ထျေးတမတွေကလည်း လက်မခံဘူးလေ။ အခု နောက်ဆုံးအခြေအနေက ဒေါတခြား ပြောင်းသွားဖို့ ရှိတယ်။ သုံးနေရာရှိပြီ” လို့ ဒေါတခြားမှ ဒေသခံတဦးက ပြောပါတယ်။
ဒေါတခြားမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖြစ်မယ်ဆိုရင် မြေဧက ရ၅၀ အကျယ်အဝန်းကိုစီမံကိန်း အဆောက်အဦးများက နေရာယူနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ရက်နေ့တုန်းက လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာမှာ အစိုးရဝန်ကြီးနဲ့ ဒေသခံလူထုများ တွေ့ဆုံဆွေးနွေးပွဲမှာ လူထုများက ဘိလပ်မြေစက်ရုံ တည်ဆောက်မှု မပြုလုပ်ရန် ကန့်ကွက်ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ ဒေသခံတဦးကပြောပါတယ်။
“လူထုတွေတော့ သိပ်ဘဝင်မကျဘူး။ တချို့ဆိုရင် တဝက်လောက်နဲ့ ထပြန်ကြတယ်။ ဒေသခံတွေဖက်က တော့ လုံးဝ ပြတ်သားကြတယ်” လို့ ပြောပါတယ်။
အစိုးရနဲ့ လူထုများ တွေ့ဆုံဆွေးနွေးပွဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်နယ်လျှပ်စစ်ဝန်ကြီး၊စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံရေးဝန်ကြီး နဲ့ ကုမ္ပဏီ ဒါရိုက်တာတို့က ဆွေးနွေးပွဲမှာ တက်ရောက်ပြီး ဒေသခံ လူထုများ ၅၀၀ခန့် တက်ရောက်ကြပါတယ်။
“သူတို့က ဆက်လုပ်ချင်တယ်။ ဒါပေမယ့် လူထုရဲ့ ထောက်ခံမှုကိုလဲ လိုအပ်နေတဲ့ ပုံစံကို ပြနေတယ်။ သူတို့က လူထုအတွက် စေတနာထားလုပ်ပေးနေတာပါတဲ့။ ပြောင်းလဲလာတဲ့ စက်မှုခေတ်ကြီးမှာ ကယားပြည်နယ်လူထုတွေကလဲ စက်မှုလုပ်သားပုံစံအဖြစ် တိုးတက်ပြောင်းလဲစေချင်တာပါတဲ့။ ပြီးတော့ သူတို့ ဒီလိုလုပ်တာကလဲ ပြည်နယ်အစိုးရတရပ်လုံးအနေနဲ့ သေသေချာချာ စဉ်းစားဆွေးနွေးဆုံးဖြတ်ပြီးမှ လုပ်တာဖြစ်တဲ့အတွက် လူထုအနေနဲ့ သဘောတူလက်ခံပေးကြဖို့ တောင်းဆိုချင်ပါတယ်တဲ့…” လို့ လျှပ်စစ်ဝန်ကြီးက ပြောသွားတယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ ဒေသခံတဦးက ပြောပါတယ်။
ဆွေးနွေးပွဲမှာ ဘိလပ်မြေစက်ရုံ ဆောက်ရေး၊ မဆောက်ရေးကိစ္စ နဲ့ပတ်သက်ပြီး အစိုးရဘက်ကဘာဆုံးဖြတ် ချက်မှ ချမသွားဘူးလို့ သိရပါတယ်။
ဒေါတခြားမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံဟာ အမှတ် ၁ရေအားလျပ်စစ် စက်ရုံနဲ့ တွဲထားမှာဖြစ်ပြီး အဲ့ဒီနေရာမှာ ရေရှားပါးတဲ့အတွက် ဒေသခံလူထုတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ သစ်ပင်များ စိုက်ပျိုးရာ နေရာတခုဖြစ်သလို UNDP( United Nation Development Program) က community forest ထောင်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။
ဒါတခြားမှာ ကျေးရွာအုပ်စုနှစ်ခုခွဲထားပါတယ်။ ဒေါတခြား ကယားမှာ လူဦးရေ ၅၁၄ဦးရှိပြီး၊ ဒေါတခြား ပအို့ဝ်ရွာမှာ လူဦးရေ ၆၂၈ ဦးနေထိုင်ကြပါတယ်။ အဲ့ဒီဒေသမှာ ပြောင်းဖူး၊ စပါး၊ ပဲစေ့ငုံ၊ ပဲပုပ်နဲ့ မြေပဲ စတဲ့ အပင်များ စိုက်ပျိုးကြပါတယ်။



