ကရင်နီပြည် မော်ချီးမြို့နယ်တွင် ခဲတွင်းပြိုကျလို့ ခဲတွင်းထဲမှာ ခဲတူးနေသော အမျိုးသားနှစ်ဦး မြေပိပြီး သေဆုံးသွားပါတယ်။

“ဖော်ထုတ်ယုံပဲ။ အသံတွေ ဘာတွေ မကြားတော့ဘူး။ မကြားဘူးဆိုတာ အထဲမှာ ပိတ်နေတာလေ” လို့ ၂၅ ရက်နေ့ မနက်ပိုင်းက မောင်ချစ်ကိုအား ဖော်ထုတ်နေသော ဒေသခံများက ပြောပါတယ်။
၂၅ ရက် ညနေပိုင်းအချိန်မှာ မောင်ချစ်ကိုအား ဖော်ထုတ်နေသော ဒေသခံများအထဲမှ အသက် ၂၅ ၀န်းကျင်အရွယ် အမျိုးသားတဦးလည်း ခဲတွင်းပြိုကျလို့ ထပ်မံ သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်နေ့မှာ အသက် ၂၈ နှစ်အရွယ် မောင်ချစ်ကိုဟာ တိုင်ထောင်မထားတဲ့ ခဲတွင်းထဲသို့ ခဲတူးယူနေစဉ် မြေပြိုကျပြီး သေဆုံးသွားခြင်းဖြစ်ပါတယ်။
မောင်ချစ်ကိုဟာ နတ်မောက်မြို့နယ် ရေထွက်ကျောက်တဲရွာကနေ မော်ချီးသို့လာရောက်ပြီး ခဲလုပ်ငန်းကို လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။
“အဝေးကနေ လာလုပ်ကြတော့ တချို့က လောဘကြီးတယ်။ ရလေ ပိုလုပ်လေပဲ။ အန္တရာယ်ရှိမှန်းလည်း ဂရုမစိုက်ကြတော့ဘူး” လို့ မော်ချီးမြို့နယ် လိုခါးလိုမှ ဒေသခံတဦးက ပြောပါတယ်။
ကရင်နီပြည် မော်ချီးမြို့နယ်တွင် မြေပြိုကျပြီး အလုပ်သမားများ မကြာခဏ သေဆုံးခဲ့ရပြီး ခဲအလုပ်သမား များဟာ ဒေသခံအပြင် များသောအားဖြင့် ကျောက်ပတောင်း၊ မုံရွာ၊ နတ်မောက်နဲ့ ထားဝယ်ကနေ လာရောက် လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။



