ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဝင် ကိုယ်စားလှယ်ခေါင်းဆောင်တွေက ဒီးမော့ဆိုမြို့မော့ဒူ က လားမေးခန်းမဟောတွင် လူထုတွေ့ဆုံဆွေးနွေးပွဲပြီးနောက်မှာ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့နဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးကြပါတယ်။

ယခုလိုတွေ့ဆုံဆွေးနွေးရခြင်း အကြောင်းအရင်းမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့် သွားရာတွင် ပစ်ခတ်ရပ်စဲရေးလုပ်ရာမှ အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲမှ စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့ သွားတဲ့အခါမှာ နှစ်ဦးနှစ်ဖက်အကြားမှာ အကျိုးဆောင်ပေးဖို့ လိုအပ်တယ်လို့ KNPP ပါတီ အတွင်းရေးမှူး(၂) ဦးအောင်ဆန်း မြင့်က ပြောပါတယ်။
“ကျနော်တို့အကျိုးတွေကို ဆောင်ပေးဖို့ လူပုဂ္ဂိုလ်အများကြီးလိုပါတယ်။ အဲဒါကြောင့်မို့လို့ advisor ၊ guarantor၊ observer လူတန်းစားအမျိုးမျိုးတွေပါ၀င်မှပဲ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲဖြစ်မယ်။ အာမခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မယ်။ ၁၉၉၅ ခုနှစ်ကတည်းကပါ၀င်လာတဲ့ အဖွဲ့ဖြစ်လို့ သူ့ရဲ့အကြံဉာဏ်တွေ အကြံပြုချက်တွေ နှောင်လာမည့် တွေ့ဆုံပွဲအတွက် အများကြီး အထောက်အကူဖြစ်တယ်။” လို့ ပြောပါတယ်။
ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးစဲရယ်လှဖေက “ကျနော်တို့ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့ရဲ့ လုပ်ငန်းတွေကို ပြောပြတယ်။ KNPP အဖွဲ့ကနေနဲ့ လိုအပ်တာရှိရင်ကူညီမယ် ဆိုတဲ့အကြောင်းတွေကို ပြောဆိုဆွေးနွေးတယ်။ ကျနော်တို့ကတော့ ပြည်နယ်အစိုးရကော KNPP အစိုးရကော ဆက်သွယ်နေမှာဖြစ်တယ်” လို့ ပြောပါတယ်။
ကယားပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ကို ၁၉၉၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အာဏာပိုင်တွေကနေပြီး KNPP နဲ့ မဆက်သွယ်ဖို့ ပိတ်ပင်တားမြစ်ခဲ့ပြီး အဖွဲ့ကို ဖျက်သိမ်း စေခဲ့ပါတယ်။
ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များအနေနဲ့ တွေ့ဆုံဆွေးနွေးပွဲအတွင်းမှာ ဝင်ရောက်နားထောင် ပါဝင်ရုံ သာမက ဆွေးနွေးပွဲအပြီးမှာ နှစ်ဖက်အဖွဲ့ရဲ့ သဘောတူညီချက်တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် အကြံပြုခြင်းကို တင်ပြနိုင်ဖို့ အခွင့်အရေးရရှိရန် KNPP မှ အစိုးရကို ခွင့်ပြုချက် မဖြစ်မနေ တောင်းခံသွားဖို့ ပန်ကြားထားပါတယ်။
ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များသာမက အရည်အချင်းများနှင့် ပြည့်စုံတဲ့ လူငယ်ထုကိုယ်စားပြု တစ်ဦးနှင့် အမျိုးသမီးကိုယ်စားပြုတစ်ဦးကို ပါဝင်နားထောင် ခွင့်ပြုဖို့ ဒါမှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူထုက အမှန်တကယ်ပါဝင်တာကို သက်သေပြနိင်မှာဖြစ်တယ်လို့ ပြောဆိုဆွေးနွေးသွားကြပါတယ်။



