ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရတို့အကြား နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများတွင် လူငယ်ထုကိုယ်စားပြု တဦးနဲ့ အမျိုးသမီးထုကိုယ်စားပြုတဦး ပါ၀င်နားထောင်ခွင့်ပြုရန် ဒေသခံပြည်သူလူထုက တောင်းဆိုထားပါတယ်။

“ငြိမ်းချမ်းရေးမှာ အတွေ့အကြံုရှိတဲ့သူ ၊ သဘောတရားကို နားလည်သဘောပေါက်သူ မြန်မာတနိုင်ငံလုံးနဲ့ ချိတ်ဆက်ပြီး peace process ကို အကြံပြုသုံးသပ်တင်ပြပေးနိုင်သူက ဒီထဲမှာပါနိုင်ရင် ပိုကောင်းမယ်။ အမျိုးသမီးတွေကို အဲဒီထဲပါနိုင်ရင်ကောင်းမလားပေါ့။ ကျနော်တို့က အများအားဖြင့် ယောက်ျားလေးကိုပဲ ဦးစားပေးကြတယ်။”
ဒီးမော့ဆိုမြို့မှ ဒေသခံဖြစ်သူ ခူးရယ်က KNPPနဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့များနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးချိန် အတောအတွင်း ပြောကြားလိုက်တာဖြစ်ပါတယ်။
“ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ပဲဖြစ်စေ၊ ပြည်နယ်အတွင်းက ပညာတတ်ပုဂ္ဂိုလ်တွေဖြစ်စေ advisor၊ observer နဲ့ witness အနေနဲ့ ဒီ role သုံးခုကို ကျနော်တို့ ကောင်းကောင်းယူနိုင်ပါတယ်။ ဖြစ်လည်းဖြစ် နိုင်ပါတယ်။”
ဆွေးနွေးပွဲအတွင်းမှာ နားထောင်မယ် အကြံပြု ရေးသားတင်ပြပေးနိုင်သူဖြစ်မယ်။ ပြီးတော့ KNPP တစ်ခုတည်းမဟုတ်ဘဲ ပြည်ထောင်စုအစိုးရကိုကော ပြည်သူတွေနဲ့ အခုဆွေးနွေးတဲ့အချက်က တကယ့်ကို သာဟဇာတဖြစ်ရဲ့လားဆိုတာတွေကို ရေးသားတင်ပြနိုင်တဲ့သူကို ဒီဆွေးနွေးမှုပွဲထဲမှာ ပါ၀င်နိုင်ရင် မဆိုဘူးလို့ မြင်ပါတယ်လို့ ဆက်ပြောပါတယ်။
မြန်မာတနိုင်ငံလုံး လက်နက်ကိုင်အဖွဲ့များရဲ့ peace process လိုက်လံလေ့လာနေသူ ဆရာတဦးက “တတိုင်း ပြည်လုံးနဲ့ ပြည်သူလူထုအားလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း နှစ်ဖွဲ့ကပဲ စားပွဲပေါ်မှာလက်မှတ်ထိုး ပြောဆိုရုံထက် လူထုအတွက်လုပ်တယ်ဆိုရင် လူထုက ပါကိုပါရမယ်ဖြစ်တယ်။ ဒါမှ လူထုပါ၀င်သက်ရောက်ခွင့်ရှိတဲ့ ဆွေးနွေးပွဲဟာ အထမြောက်မယ်ဖြစ်တယ်” လို့ ပြောပါတယ်။



