ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ပိုင်း ၁ နာရီ ဝန်းကျင်အချိန်ခန့်မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ စည်းရုံးရေး ခရီးစဉ် အဖွဲ့ ၂ ဟာ ဖရူဆို မြို့၊ ဟိုယာတိုက်နယ်၊ ဟိုယာကျေးရွာသို့ ရောက်ရှိခဲ့ ပါတယ်။

KNPP အနေနဲ့ လူထုစည်းရုံးရေးခရီးစဉ်ကို ကရင်နီပြည်နယ်အတွင်း အုပ်စု ၃ စုခွဲကာ ကွင်းဆင်း ဆွေးနွေး မှုတွေ ပြုလုပ်နေတာပါ။
အဖွဲ့ ၂ ရဲ့ စည်းရုံးရေးခရီးစဉ် စတုတ္ထ မြောက်ရွာ ဖြစ်တဲ့ ဖရူဆိုမြို့နယ်၊ ဟိုယာ ကျေးရွာကို ရောက်ရှိချိန် မှာတော့ တပ်ပေါင်းစု သုံးခုဖြစ်တဲ့ ကလလတ (နယ်ခြားစောင့်တပ်)၊ ကယောန (ပြည်သူ့စစ်)နဲ့ ကရင်နီတပ်မတော်တို့ကနေ အတူတကွ ပူးပေါင်းပြီး လာရောက်ကြိုဆိုနေတာကို တွေ့ရပါတယ်။
“အခုလို ကျနော်တို့ မမျှော်လင့် ထားတဲ့ အပေါ်မှာ အခု ကျနော်တို့ တပ် နှစ်ဖွဲ့ကို အဲ့လိုမျိုး ပူးပေါင်းပြီး ကျနော်တို့ကို ကြိုဆိုတာ တွေ့ရတဲ့ အတွက် ကျနော်တို့ အင်မတန်ပဲ ဝမ်းသာပါတယ်။ ပြည်သူတရပ်လုံး ကလည်းပဲ ကျနော်တို့ အပေါ်မှာ မျှော်လင့်ချက် ကြီးစွာနဲ့ ကျနောတို့ကို အခုလို လှိုက်လှိုက်လှဲလှဲ၊ နွေးနွေးထွေးထွေး ဧည့်ခံ ကြိုဆိုတဲ့ အတွက်လည်းပဲ ကျနော်များစွာ ဂုဏ်ယူဝမ်းသာမိပါတယ်”
ခရီးစဉ်အဖွဲ့ ၂ မှာ ပါဝင်တဲ့ တပ်ရင်း ၁ ဒုဗိုလ်မှူး အယ်မွီးက ပြောပြေသွားတာပါ။
ဒီ ကြိုဆိုမှုတွေကို ကြည့်ခြင်းအားဖြင့် ကရင်နီပြည်တွင်းမှာရှိကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားနေကြောင်း တွေ့ရှိရပါတယ်။
ဒါပေမယ့် KNPP အနေနဲ့ ရှေ့ဆက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ မသွားခင်မှာ စည်းရုံးရေး ခရီးစဉ်ရဲ့ ဆောင်ပုဒ် တခုဖြစ်တဲ့ “အဓိပ္ပာယ် ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုမှ သည် စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့“ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အကောင်အထည် ဖော်ဆောင်နိုင်မလားဆိုတာကိုတော့ ထပ်မံစောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။



