ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကယန်းဒေသ ဆီးဘူးမြို့ရှိ ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ)၏ ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော ၄၀ နှစ်မြောက် ကယန်းအမျိုးသား အာဇာနည်နေ့ အခမ်းအနားသို့ လူဦးရေ တစ်သောင်းကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က ကျင်းပခဲ့သော ကယန်းအမျိုးသားတို့၏ အာဇာနည်နေ့ အခမ်းအနားတွင် ကယန်းအမျိုးသား အာဇာနည်နေ့ အကြောင်းနှင့် ပတ်သက်၍ ကေအဲန်အယ်လ်ပီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ကေကောရီယိုက ဤကဲ့သို့ ရှင်းပြခဲ့သည်ကို အခမ်းအနားသို့ တက်ရောက်ခဲ့သော ကယန်းအမျိုးသားလူငယ်တဦးက ယခုလို ပြန်လည်ပြောပြသည်။

“လူမျိုးတိုင်းက ကိုယ့်လူမျိုးကို ကာကွယ်ကြတယ်။ ကိုယ့်လူမျိုးကို ကာကွယ်ရင်း အသက်ပေးဆပ်တဲ့ အမျိုးသားကောင်းများ၊ သမီးကောင်းများကို အာဇာနည်ခေါင်းဆောင်လို့ သတ်မှတ်ထားတယ်” ဟု ၎င်းကယန်းလူငယ်တဦးက ပြောသည်။
ယခင်နှစ်များတွင်လည်း ကယန်းအမျိုးသားများက ကယန်းအမျိုးသား အာဇာနည်နေ့ကို ကျင်းပပြုလုပ် လေ့ရှိကြောင်း၊ ယခုနှစ်တွင် အဖွဲ့အစည်း အသီးသီးကို ဖိတ်ကြားထားပြီး၊ ကယန်းဒေသရှိ ကယန်း ကျေးရွာ များမှ လူထုများကလည်း အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်းကေအဲန်အယ်လ်ပီ မှ လူငယ် တဦးက ပြောသည်။
“ကျနော် အနေနဲ့ ပြောရရင် အားရကျေနပ်မိတယ်။ ဒီလိုမျိုး တခါမှ မမြင်ဖူးဘူးလေ။ ဒါက ကျနော်အတွက် ပထမအကြိမ်ပဲ မြင်ဖူးတယ်။ တိုက်ပွဲမှာ ကျသွားတဲ့ ရဲဘော်စာရင်းကို ကြည့်ပြီး သူတို့ သေသွားတဲ့ နေရာရဲ့ မြေကြီးကို အာဇာနည် ဗိမာန်ဆီကို အကုန်ယူလာတယ်။ ရှိသမျှ အလောင်းကို အာဇာနည် ဘိန်မာန်မှာ မြင်တွေ့နိုင်တယ်လေ။ တိုက်ပွဲမှာ ကျသွားတဲ့ ရဲဘော်တို့ရဲ့ ဆွေမျိုးလည်း သူတို့ အဝေးကို သွားစရာ မလိုဘဲနဲ့ အာဇာနည် ဘိန်မာန်မှာ လာရောက် မီးထွန်းလို့ ရပြီ” ဟု ၎င်းက ပြောသည်။
ကယန်းအမျိုးသား အာဇာနည်နေ့ အခမ်းအနားသို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ ဒု-ဥက္ကဌ ဦးထွန်းကျော်နှင့် အတွင်းရေးမှူး ဗိုလ်မှူး မန်းသက်ဖော၊ နယ်ခြားစောင့်တပ်မှ ခေါင်းဆောင်များ၊ မြန်မာအစိုးရမှ ခေါင်းဆောင်များနှင့် အခြားအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းတောင်ဘက်ရှိ ပအိုးဝ်ကျေးရွာ တိန်းထက် တွင် ကေအဲန်အယ်လ်ပီ တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကေအဲန်အယ်လ်ပီမှ ခေါင်းဆောင် မြလေးနှင့်အတူ အခြားရဲဘော်များ အားလုံးပေါင်း ရ ဦး ကျဆုံးသွားခဲ့သောနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ကယန်းအမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟုကယန်း အမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိုကရေစီ အဖွဲ့မှ ခွန်းမာရ်ကိုဘန်က ပြောသည်။
“တော်လှန်ရေး ဆိုတာက ဘယ်အဖွဲ့အစည်းမဆို ကိုယ့်ရဲ့ အမျိုးသား တော်လှန်ရေးနေ့ပဲ။ ကိုယ့်အမျိုးသား တော်လှန်ရေးနေ့ ဆိုတော့ တော်လှန်ရေး အဖွဲ့အစည်းတိုင်းဟာ သူ့ရဲ့ တော်လှန်ရေးနေ့တွေ ရှိတယ်။ သူ့ရဲ့ အာဇာနည်နေ့တွေ ရှိတယ်။ အဲလိုမျိုး အဖွဲ့အစည်းတိုင်း ရှိသလိုပဲ ကယန်းပြည်သစ်လည်း အဲလိုရှိတာ။ ဒါဟာ သူတို့ အဖွဲ့အစည်းရဲ့ အထိမ်းအမှတ် ဂုဏ်လက္ခဏာ တခုပဲလို့ အဲဒါကတော့ ရှိသင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ကေအဲန်အယ်လ်ပီသည် ယခင်က စစ်အစိုးရတပ်နှင့် တိုက်ခိုက်လာခဲ့သည့် တိုက်ပွဲများအတွင်းကျဆုံးသွားခဲ့ သော ရဲဘော် အယောက် ၅၀၀ ကျော် ရှိပြီး ၎င်းတို့အား ရည်ရွယ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကယန်း အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ကွယ်လွန်သူကေအဲန်အယ်လ်ပီ ၏ ဥက္ကဌ ဦးရွှေအေး၏ ရုပ်ကလပ်ကိုလည်း အာဇာနည် ဗိမာန်သို့ ပြောင်းရွှေ့ခဲ့သည်။



