အပစ်ခတ်ရပ်စဲရေးအတွက် တဖွဲ့ချင်း ခွဲ၍ တွေ့ဆုံခြင်းသည် တပြည်လုံးအတိုင်း အတာဆောင်သည့် အပစ်ခတ်ရပ်စဲရေးကို မဦးတည်နိုင်သကဲ့သို့ ယင်းလုပ်ရပ်သည် စုစည်းနေသော တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းစီတို့ကို ခွဲလိုသည့် ပရိယာယ်ဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် များ ပေါင်းစည်းထားသည့် အဖွဲ့က ထုတ်ဖေါ်ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသားတို့အကြား စစ်မှန်ပြီးခိုင်မာစိတ်ချရသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးအတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များအားလုံး ပြီးခဲ့သည့် နို၀င်ဘာလ ၂၇၊ ၂၈ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုလို ထုတ်ဖေါ်ပြောဆို ခြင်းဖြစ်သည်။
“အစိုးရရဲ့ ဆွေးနွေးမှု အနေအထားကတော့ စိတ်ချနိုင်တဲ့ အနေအထားမရှိသေးဘူး။ ပရိယာယ်သုံးပြီးတော့ ကိုယ့်ကို ခွဲလို့ရအောင် အဲဒါကြံစည်နေတဲ့ သဘောမျိုးဖြစ်နေတယ်။ နိုင်ငံရေးအရ တကယ်ဆွေးနွေးဖို့ အခြေအနေကို ဦးတည်တာ သိပ်မခိုင်မာဘူး ဆိုတဲ့ သဘောမျိုးကိုတော့ တွေ့ရတယ်” ဟု UNFC မှပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါသည်။
အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအား တဖွဲ့ချင်းဆီခွဲပြီး တွေ့ဆုံသွားမည်ဆိုပါက လက်နက်ကိုင်အဖွဲ့ဝင်များအနေဖြင့် UNFC မှချမှတ်ထားသည့် တပြည်လုံးအတိုင်းအတာဆောင်သည့် ပစ်ခတ်ရပ်စဲရေးဖြစ်ပေါ်လာရန် ဆိုသည့်မူကို ကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးသွားမည်ဆိုသည့် သဘောတူညီမှုကို တွေ့ဆုံဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်ဟုဆိုသည်။
“အစိုးရက UNFC နဲ့ မတွေ့ဘူး။ တဖွဲ့ချင်းကိုပဲ တွေ့မယ်ဆိုရင်တော့ ကျနော်တို့ တဖွဲ့ချင်းပဲတွေ့မယ်။ ဒါပေမယ့် တွေ့ထားတဲ့ အခြေအနေကို တင်ပြတယ်။ နောက်ပြီးတော့မှ အထွေထွေ ရပ်တည်နိုင်ဖို့ အဲဒါကို ညှိနှိုင်းကြတယ်။ အဲဒီပွဲမှာလည်း တွေ့ထားတဲ့ အဖွဲ့တွေ အားလုံးက တပြည်လုံး ပစ်ခတ်ရပ်စဲရေး ဖြစ်ဖို့အတွက်ကို ဆုံးဖြတ်ပေးတဲ့ခါကျတော့ UNFC အနေနဲ့ပဲ ဆုံးဖြတ်ပေးရမယ်” ဟု နိုင်ဟံသာက ပြောသည်။
ပြီးခဲ့သည့် နို၀င်ဘာလ ၁၈၊ ၁၉ရက်နေ့တွင် မြန်မာအစိုးရမှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ KNPP အပါအဝင် တခြားသော UNFC လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့များနှင့် တဖွဲ့ချင်းစီကို ထိုင်းနိုင်ငံတွင် တွေ့ဆုံခဲ့သည်။
တပြည်လုံးအတိုင်းအတာဆောင်သည့် အပစ်ခတ်ရပ်စဲရေး ဖြစ်ပေါ်လာနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပေါင်းစည်းထားသည့် UNFC နှင့် တွေ့ဆုံခြင်းမှာ အလုပ်မဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။
“ဓလေ့ထုံးစံတွေက မတူကြဘူး။ သူတို့ရဲ့ လိုရာဆန္ဒတွေကလည်း မတူကြဘူး။ ဒါကို ထိုင်ဆွေးနွေးရင်တော့ ဟိုတုန်းက ဆွေးနွေးခဲ့တယ်။ ဘယ်လိုမှ ဆွေးနွေးလို့မရဘူး။ တယောက်တပေါက်နဲ့ ဖြစ်တယ်” ဟု ဦးသိန်းစိန်က ပြောသည်။
UNFC ၏ ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်အရ - အဖွဲ့ဝင်များအားလုံး ဆုံးဖြတ်ချက်ချခဲ့သည့်မူအတိုင်း ရပ်တည်သွားမည်ဟု ဆိုသည်။
UNFC မှ ဒုဥက္ကဌနေရာနှင့် တွဲဖက် အတွင်းရေးမှူးနေရာကိုလည်း နှစ်ဦးစီ ပြန်လည် ဖွဲ့စည်းလိုက်ပြီး ယခုလက်ရှိ UNFC ၏ ဒုဥက္ကဌမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ခွန်းအေဘယ်တွိ နှင့် ကရင်အမျိုးသားအစည်းအရုံး KNU မှ ဒေးဗစ်တာကပေါ်တို့ဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးမှာ KNU မှ စောဒေါလေးမူနှင့် ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ ဖြစ်သည်။
ယခင်က ဖွဲ့စည်းထားခဲ့သည့် အမာခံအဖွဲ့နှင့် အဆက်စပ်အဖွဲ့များကိုလည်း ဆက်လက်မထားရှိတော့ပဲ အားလုံး တန်းတူ အဖွဲ့ဝင်များအဖြစ် သဘောတူကြသည်။
“ကျနော်တို့ အဆက်အစပ်အဖွဲ့မရှိတော့ဘူး။ အားလုံး အဖွဲ့ကြီး အဖွဲ့ငယ် မပြောတော့ဘူး။ အားလုံး တန်းတူပဲ အဖွဲ့ဝင်ဖြစ်တယ်” ဟု UNFC ၏ ဒုဥက္ကဌ ခွန်းအေဘယ်တွိက ပြောသည်။
UNFC တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်း အမျိုးသား တပ်ဦး CNF၊ ကချင် လွတ်မြောက် ရေး အဖွဲ့ချုပ်KIO၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော်SSPP/SSA ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ (၀) အမျိုးသား အဖွဲ့ချုပ် WNO၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ကချင်အမျိုးသားအဖွဲ့ KNO တို့ ပါ၀င်ကြသည်။



