စစ်တပ် ချိုးရေအတွက် ရွာသားများ ထမ်းပို့ပေးနေရ

စစ်တပ် ချိုးရေအတွက် ရွာသားများ ထမ်းပို့ပေးနေရ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ထီးဖိုး ကလိုးကျေးရွာအုပ်စုမှ ရွာသားများသည် မိမိတို့ သောက်သုံးရေများကို ရွာပြင်ဘက်သို့ နွားလှည်း များဖြင့်သွားရောက် သယ်ယူကြရသည်။ရေချိုး လိုပါက နာရီဝက်ခန့် ရှိသည့် အဆိုပါရေထွက် ပေါက်နှင့် ရေအိုင်များ ရှိရာသို့ ခြေလျင်ဖြင့် သွားရောက်၍ အသုံးပြုကြသည်။

carrywaterသို့သော် ထီးဖိုးကလိုးကျေးရွာအုပ်စုအတွင်း၌ အခြေစိုက်ထားသော မြန်မာအစိုးရ တပ်စခန်းများမှ စစ်တပ် များသည် ရွာသားများကဲ့သို့ ရေထွက်ပေါက်များ ရှိရာသို့ ရေခပ်ခြင်း၊ ရေချိုးခြင်းတို့လုပ်ဆောင်သည် မှာ မတွေ့ရပေ။ အဘယ်ကြောင့်ဆိုသော် အစိုးရတပ်များသည် ၎င်းတို့ သောက်သုံးရန်နှင့် ရေချိုးရန်အတွက် ရေကို ရွာသားများအား နေ့စဉ် ခပ်ခိုင်းပြီး တပ်စခန်းများသို့ လာရောက်ပို့ဆောင်ခိုင်းသည်။

ထီးဖိုးကလိုးကျေးရွာအုပ်စုတွင်် စခန်းထိုင်ထားသော အစိုးရတပ် ခလရ ၁၀၂ နှင့် ခမရ ၄၂၇ တို့သည် ၎င်းတို့ တပ်စခန်းများအတွက် ရေကို ထိုကျေးရွာအုပ်စုမှ ကျေးရွာ ရ ရွာအား တပတ်လျှင် တရက်တရွာစီ အလှည့်ကျ ရေခပ်ခိုင်းသည်ဟု တပ်စခန်းအတွက် ကိုယ်တိုင်ကိုယ် ကျ ရေခပ်ပို့ပေးရသော ဒေသခံရွာသားတဦးက ပြောသည်။

“ရေကို သူတို့ သောက်ရေသုံးရေနဲ့ သုံးတယ်။ နောက်ပြီး သူတို့ အဝတ်တွေနဲ့ လျှော်တယ်၊ ရေချိုးတယ်” ဟု သူက ပြောသည်။

ရွာသားများသည် အစိုးရတပ်များအတွက် တရက်လျှင် နွားလှည်း နှစ်စီးဖြင့် တစီးလျှင် ၁၅ ဗုံး (အဝါရောင် ဆီဗုံးကြီး)ရှိ ရေကို တလှည်းတခေါက်စီ ရေခပ်ပေးရခြင်း ဖြစ်သည်။ ရေထွက်ပေါက် ရှိသည့် နေရာနှင့် တပ်စခန်းသို့ နွားလှည်းဖြင့် သွားရတွင် ၂၀ မိနစ်ကြာသည်။

တပ်စခန်းများအတွက် ရေခပ်ပေးရန် ရွာသားများ ပျက်ကွက်ပါက အစိုးရ စစ်တပ်များမှ ပြစ်ဒဏ်ပေးခြင်းကို ခံရကြောင်း ရွာသားတဦးက ဆက်ပြောသည်။

ကရင်နီပြည်တွင်းတွင် ရေခပ်နေသော ကလေးငယ်များ

“ရေမခပ်ပေးရင် သူတို့ ရွာဥက္ကဌကို ခေါ်ပြီးတော့ အပြစ်ဒဏ်ပေးတယ်။ နောက်တခေါက် ရေခပ်ဖို့အလှည့် ကျရင် တခေါက် ခပ်ရမယ့်အစား နှစ်ခေါက် ပိုခပ်ခိုင်းတယ် အဲလိုမျိုး လုပ်တယ်” ဟု သူက ပြောသည်။

အစိုးရတပ်အတွက် လုပ်အားပေး လုပ်ရသည့်အတွက် ရွာသားများ၏ အလုပ်အကိုင်များကို နှောက်ယှက် စေကြောင်း ထီးဖိုးကလိုးကျေးရွာအုပ်စုမှ နောက်ထပ် ဒေသခံရွာသားတဦးက ပြောသည်။

“အလုပ်အကိုင်တွေအတွက် လွဲချော်မှုတွေ ဖြစ်သွားတယ်ပေါ့နော်။ တောရွာတွေမှာ နေတယ်ဆိုတော့ တရက်စာအတွက် တရက်ရှာစားရတယ်။ ပြီးတော့ ကျနော်တို့လို လှည်းမရှိတဲ့ လူတွေအတွက်လည်း သူများတွေဆီမှာ နွားလှည်းလည်း ငှားရတယ်” ဟု ၎င်းက ပြောသည်။

ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ကျေးရွာများ ဖြစ်သော ထီးဖိုးကလိုး၊ ထီးသဲကလိုး၊ ဖဲလျား၊ ဒေါဗျာကူး၊ ဒေါလျားခူ၊ ဒေါတဒါးနှင့် ဒေါခူတွဲ တို့သည် အစိုးရတပ်များအတွက် ရေခပ်ပေးရာတွင် ယခင်နှစ်ကတည်းက ယခုအထိ ဖြစ်သည်။

ကရင်နီပြည်နယ်တွင် အစိုးရတပ်များမှ စခန်းချထားသော ဒေသများတွင် ကရင်နီတပ်မတော်တို့ကလည်း လှုပ်ရှားသည့်အတွက် တပ်စခန်း ပြင်ပသို့ ထွက်သွားလျှင် လုံခြံုရေးအတွက် ကြောက်ရွံ့သဖြင့် ရွာသားများကို ရေခပ်ခိုင်းခြင်း ဖြစ်သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန (ကေအက်စ်ဒဗလျူဒီစီ)မှ ဒါရိုက်တာ ဖဲဘူးက ပြောသည်။

“ရေသွားခပ်ဖို့ သူတို့ ပျင်းတာလည်း ပါတယ်။ နောက်ပြီး သူတို့ လုံခြံုရေးအတွက် ကြောက်တယ်လေ။ သူတို့ စခန်း ချတဲ့ ဧရိယာတွေမှာ ကရင်နီတပ်တို့ကလည်း အမြဲတမ်း လှုပ်ရှားနေတယ်။ အဲဒါ သူတို့ တပ်စခန်း အပြင်သို့ ရေသွားခပ်ရင် ကရင်နီတပ်တို့က အလစ်သုတ် ချုံခိုတိုက်ခိုက်မှာကို ကြောက်လို့ ရွာသားတွေကို ရေခပ်ခိုင်းတာ” ဟု ၎င်းက ပြောသည်။

ကရင်နီဒေသတွင် အစိုးရတပ်များ၏ တပ်စခန်း တခုလျှင် လူအင်အား အနည်းငယ်သာ ရှိသည့်အတွက် တပ်သားများကို တပ်စခန်း ပြင်ပသို့ ရေသွားခပ်ခိုင်းလျှင် ထွက်ပြေးကြမှာကို စိုးရိမ်ကြခြင်း ဖြစ်သည်ဟု ဖဲဘူးက ဆက်ပြောသည်။

ကရင်နီပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာအုပ်စု၌ အခြေစိုက်ထားသော အစိုးရတပ်များ အပြင် အခြားမြို့နယ်မှ အစိုးရတပ်များကလည်း ရွာသားများကို ရေခပ်ခိုင်းသည့် အလုပ်များ ခိုင်းနေကြောင်း သိရသည်။

Most read this week