ငြိမ်းချမ်းရေးအကြောင်း ပြောနေချိန် ကရင်နီဒေသတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

ငြိမ်းချမ်းရေးအကြောင်း ပြောနေချိန် ကရင်နီဒေသတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား
by -
နှောင်းလှိုင်

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရကရော ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားများ ကပါ အရေးတကြီး ထုတ်ဖော် ပြောလာနေသည့်ကြားမှ ကရင်နီပြည်နယ် ဒေသတချို့တွင်တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကရင်နီပြည်နယ် မော်ချီးဒေသတွင် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) ကရင်နီ တပ်မတော်နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ရာမြန်မာ အစိုးရဘက်မှ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသည်။ ကရင်နီတပ်မတော်ဖက်မှ တပ်သား တဦး ကျဆုံးသွားသည် ဟု ကရင်နီဘက်မှ ဆိုသည်။

mawchi“တိုက်ပွဲက ( အစိုးရစစ်တပ် ) ရန်သူရဲ့ လှုပ်ရှားမှုအပေါ်မှာ မူတည်တာပေါ့။ ( အစိုးရစစ်တပ်) သူတို့ တပ်လှုပ်ရှားမှုများရင် တိုက်ပွဲဖြစ်ဖို့များမယ်။ တပ်လှုပ်ရှားမှု နည်းရင် အဖြစ်နည်းမယ်ပေါ့” ဟု ( KNPP) အတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် ကရင်နီပြည် မော်ချီးမြို့ အနောက်ဘက် ထင်းရှူးတောင်စခန်းရှိ အစိုးရ စစ်တပ် ခလရ (၇၂) တပ်ရင်းအား ကရင်နီ တပ်မတော် စစ်ဦးစီးတပ်မှ ပြောက်ကျားဝင်ပစ်ရာ မြန်မာအစိုးရတပ်ဖွဲ့မှ တပ်ကြပ်တဦးနှင့် တပ်သားတဦး သေဆုံးသွားသည်။ ထိုနေ့မှာပင် မော်ချီး အနောက်တောင်ဘက်ရှိ ခလရ (၇၂) အခြေစိုက် (၉၄) မိုင် စခန်းကို ကရင်နီတပ်မတော်က ၀င်ရောက်ပစ်ခတ်ရာမှာလည်း အစိုးရစစ်တပ်မှ ဒု-တပ်ကြပ်တဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွား သည်။

သြဂုတ်လ ၁၇ ရက်နေ့တွင်လည်း  ကရင်နီပြည်နယ် မော်ချီးဒေသရှိ ကျောက်တောင်စခန်းအခြေ စိုက် ခြေလျင်တပ်ရင်း (ခလရ) ရ၂ တပ်ရင်းမှ တပ်ဖွဲ့တဖွဲ့ကို ကရင်နီတပ်မတော် တပ်ရင်း ၁ က ပြောက်ကျားတိုက်ခိုက်ရာ အစိုးရစစ်တပ်မှ တပ်သား ၃ ဦး ကျဆုံးပြီး ကရင်နီတပ်မတော်မှတပ်သား တဦး သေဆုံးသွားသည်။

လက်နက်ကိုင်တိုင်းရင်းသားများ ငြိမ်းချမ်းရေးရယူလိုလျှင် သက်ဆိုင်ရာ ပြည်နယ်အစိုးရထံ အချိန်မရွေး ဆွေးနွေးနိုင်သည်ဟု သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းခဲ့သော်လည်း အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်၍ ကမ်းလှမ်းခြင်း မဖြစ်နိုင်ပဲ  နိုင်ငံတကာ အမြင်ရှင်းရန်အတွက် အကွက်ချ လုပ်ဆောင်နေခြင်းသာ ဖြစ်နိုင်သည်ဟု KNPP က ယူဆသည်။

“သူတို့ (မြန်မာအစိုးရ) က (ငြိမ်းချမ်းရေး) စကားပြောဖို့ ကမ်းလှမ်းတယ်ဆိုပေမယ့် သူတို့ရဲ့ တပ်လှုပ်ရှားမှုက ရှိမြဲ ရှိနေတာပဲ။ တပ်လှုပ်ရှားမှုက ရပ်မှ မရပ်တာ။ (ဒီကြားထဲ) ငြိမ်းချမ်းရေး စကား ကမ်းလှမ်းလာတာကတော့ ဘယ်လို နားလည်ရမှန်းတောင် မသိဘူး” ဟု ခူဦးရယ်က ပြောသည်။

Most read this week