ကရင်နီပြည်နယ်၏ ဒုတိယမြို့တော် ဒီးမော့ဆိုတွင် အစိုးရမှ အင်တာနက်ဆိုင် တဆိုင်သာ ဖွင့်လှစ်ခွင့် ပြုထားသေးပြီး အသုံးပြုခက စျေးကြီးနေကြောင်း အင်တာနက် သုံးစွဲသူများက ပြောသည်။
ဒီးမော့ဆိုမြို့မှ ဆက်သွယ်ရေးဌာနက ၎င်းတို့၏ ရန်ပုံငွေ ရရှိရေးအတွက် ဆိုပြီး အင်တာနက်ဆိုင် ဖွင့်လှစ်ရန်အတွက် အထက်ကို တင်ပြရာတွင် ခွင့်ပြုချက် ရရှိသဖြင့် ပြီးခဲ့သည့် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီး အင်တာနက် သုံးစွဲခမှာ တနာရီလျှင် ၈၀၀ ကျပ် စျေးရှိသည်ဟု အင်တာနက် အသုံးပြုသည့် ဒီးမော့ဆိုမြို့မှ အမျိုးသမီးလူငယ်တဦးက ပြောသည်။
“ဒီမှာက တဆိုင်ပါပဲ။ ဆက်သွယ်ရေးဌာနက လုပ်တာ။ စက် (ကွန်ဗျူတာ)က ၄ လုံးပဲ ရှိတယ်။ စျေးက ကြီးတယ်။ ဒီမှာက တဆိုင်ပဲ ရှိလို့လေ” ဟု သူမက ပြောသည်။
ဆက်သွယ်ရေးဌာနသည် အစိုးရမှ အဖွဲ့အစည်း ဖြစ်သည့်အတွက် အင်တာနက် တပ်ဆင်ရာတွင် အစိုးရက ခွင့်ပြုထားခြင်း ဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးသမားများကိုမူ ခွင့်ပြုချက် မပေးထားကြောင်း အဆိုပါလူငယ်တဦး က ဆိုသည်။
“တခြား ပုဂ္ဂလိက လုပ်တဲ့သူ လုပ်ဖို့ ခွင့်ပြုချက် ယူရခက်တယ်။ ဒါက ဆက်သွယ်ရေးဌာနက လုပ်လို့ ဖွင့်ခွင့် ရတာ။ တခြား စီးပွားရှင်တွေ လုပ်ဖို့ဆိုရင် ခွင့်မပြုသေးဘူး” ဟု သူမက ဆက်ပြောသည်။
ဒီးမော့ဆိုမြို့၌ ဖွင့်လှစ်ထားသော အင်တာနက် ဆိုင်တဆိုင်သည် ကွန်ဗျူတာ (စက်) အလုံးရည် နည်းပါး ကြောင်း၊ ထိုအင်တာနက်ကို သုံးစွဲရာတွင် လွိုင်ကော်မြို့ရှိ အင်တာနက်ဆိုင်များကဲ့သို့ အဆင်ပြေမှု ရှိကြောင်း အင်တာနက် သုံးစွဲသူ ဒီးမော့ဆိုမြို့နယ်ရှိ လူငယ်တဦးက ပြောသည်။
လွိုင်ကော်မြို့တွင် အင်တာနက်ဆိုင် ၁၀ ခု ရှိပြီး အသုံးပြုခမှာ တနာရီလျှင် ၅၀၀ ကျပ် စျေးရှိပြီး အချို့ဆိုင်မှာ ၃၀၀ ကျပ် စျေးရှိကြောင်း၊ ထိုအင်တာနက်ဆိုင်များကို အစိုးရက ထိန်းချုပ်ထားကြောင်း လွိုင်ကော်မြို့ခံ အမျိုးသမီးတဦးက ပြောသည်။
၎င်းက “တချို့အင်တာနက်ဆိုင်က သုံးရတာ လုံခြံုမှု ရှိပါတယ်။ အားလုံးတော့ မဟုတ်ဘူးပေါ့။ ကျော်ကျော်ဆန်း ဆိုင်ကတော့ လုံခြံုမှု မရှိဘူး။ သူတို့က အစိုးရနဲ့အတူ အလုပ်လုပ်နေလို့လေ” ဟု ပြောသည်။
ကရင်နီပြည်နယ်တွင် အင်တာနက် သုံးစွဲသူများမှာ အများအားဖြင့် ကျောင်းသူကျောင်းသားများ၊ လူငယ်များ၊ အစိုးရ ဝန်းထမ်းများနှင့် တရုတ်များ ဖြစ်သည်ဟု ၎င်းက ပြောပြသည်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် အင်တာနက်ဆိုင် ၁၀ ခု၊ ဒီးမော့ဆိုမြို့တွင် ၁ ခုနှင့် ဘောလခဲမြို့ရှိ အစိုးရဌာနရုံးတွင် ၁ ခု ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ရှားတောမြို့ရှိ အစိုးရရုံးတွင်မူ စလောင်း နှစ်လုံး တပ်ဆင်ပြီး အင်တာနက်ကို အသုံးပြုထားသည်ဟု သိရသည်။



