“အစိုးရကို ဆန့်ကျင်နေသည့် မည်သည့်လက်နက် ကိုင် အဖွဲ့မဆို ငြိမ်းချမ်းရေး ရယူလိုသည့်ဆန္ဒရှိ ပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ဆွေးနွေး နိုင်သည်” ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ သြဂုတ် လ ၁၇ ရက်နေ့ ပြောကြားချက်သည် တရားဝင် လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည့်အတွက် အသိအမှတ် မပြုနိုင်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က ပြောသည်။
ယမန်နေ့က နေပြည်တော်တွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာနယ်ဇင်း သမားများနှင့် “တွေ့ဆုံပွဲ”တွင် သမ္မတ ဦးသိန်းစိန်က အထက်ပါအတိုင်း ငြိမ်းချမ်းရေး ကမ်းလှမ်းပြောကြား ခဲ့ခြင်းအပေါ် (KNPP) က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာအစိုးရ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းရာတွင် ဥပဒေအရ တဆင့်ချင်း ဆွေးနွေးရန် လိုအပ်သည်ဟု (KNPP )က ပြောသည်။
“တကယ်တမ်း တာဝန်ရှိတဲ့ အစိုးရဝန်ကြီးတွေ ဌာနဆိုင်ရာ အကြီးအကဲတွေ ပါ၀င်တဲ့လုပ်ငန်းအစည်းအဝေး မျိုး၊ အစိုးရ Cabinet အစည်းအဝေး လုပ်ငန်းမျိုးတွေမှာ တရားဝင် ပြောဖို့ လိုတယ်” ဟု KNPPအတွင်း ရေးမှူး ၁ ခူဦးရယ်က ပြောသည်။
သမ္မတ ပြောကြားချက် အပေါ် ကရင်အမျိုးသား အစည်းအရုံး KNU ကလည်း လက်မခံနိုင်ကြောင်းပြော သည်။ မဟာမိတ်အားလုံး ပါ၀င်ပြီး သုံးပွင့်ဆိုင် ဆွေးနွေးနိုင်မှသာလျှင် တပြည်လုံး အတိုင်းအတာအရ ငြိမ်းချမ်းနိုင်မည်ဟု ဆိုသည်။
“မဟာမိတ်တွေ အားလုံးပါ၀င်မှ ဆွေးနွေးမယ်။ အဲဒီအပြင် ကျနော်တို့ သုံးပွင့်ဆိုင်လို့ ပြောနေတာပေါ့လေ။ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား အင်အားစု နောက်ပြီးတော့ အခုဆိုရင် ဦးသိန်းစိန်ရဲ့ အစိုးရပေါ့လေ။ အဲလိုဆွေးနွေးမှ တပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းမယ်” ဟု KNU ဒုဥက္ကဌ ဒေးဗစ်တာကပေါ်က ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အစိုးရနှင့် ဆွေးနွေးပါက တဖွဲ့ချင်းမဟုတ်ပဲ လက်နက်ကိုင် မဟာမိတ်အဖွဲ့ အနေဖြင့် စုပေါင်း ဆွေးနွေးရမည်ဟု ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ ( UNFC ) ၏ မူတွင် ဖော်ပြထားသည်။
UNFC သည် KNPP အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။
မြန်မာအစိုးရ အဆက်ဆက်အား လက်နက်ကိုင် တိုင်းရင်းသား ကရင်နီတပ်မတော်လက်နက်ကိုင်တွန်း လှန်လာခဲ့သည့် သက်တမ်းမှာ သြဂုတ်လ ၁၇ ရက်နေ့က ၆၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။



