ကရင်နီနယ်မြေတွင် မြေမြုပ်မိုင်း အန္တရာယ် ကြီးမားနေဆဲ

ကရင်နီနယ်မြေတွင် မြေမြုပ်မိုင်း အန္တရာယ် ကြီးမားနေဆဲ
by -
နှောင်းလှိုင်

ကရင်နီပြည်နယ်အတွင်း စစ်ဖြစ်ပွားရာဒေသ များ၌ မြေမြှုပ်မိုင်းများ အသုံးပြုနေဆဲဖြစ်ရာ ဆိုတရှားမြို့နယ်ရှိ ဒေါလာလဲကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲထားသော ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) မှ တပ်ဖွဲ့ဝင်တဦး ပြီးခဲ့သည့်အင်္ဂါနေ့ က မြေမြှုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွား သည်။

အဆိုပါ မြေမြှုပ်မိုင်း နင်းမိသူမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ခွဲထွက်၍ အစိုးရနှင့်ငြိမ်းချမ်း ရေးယူသွားသော ကလလတ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၅ မှ တပ်မှူး လှစိန်ဦး ဦးဆောင်သော စစ်ကြောင်းမှ တပ်ကြပ် တာမလာဝါး ဖြစ်သည်ဟု KNPP က ပြောသည်။

“မိုင်းကတော့ ဘယ်ကထောင်တာလဲတော့ မသိဘူး။ သူတို့ (အစိုးရ) တပ်စခန်းနဲ့လည်းမလှမ်းမကမ်းဖြစ် တယ်ဆိုတော့ ကျနော်တို့တပ်ဖွဲ့က ထောင်တာရှိသလို သူတို့ဘာသာ သူတို့လုံခြံုရေးအရသူတို့ထောင်တာတွေ လည်း ရှိကောင်းရှိမှာပေါ့ဗျာ။ အဲတော့ မိုင်းက ဘယ်သူ့ဟာရယ်လို့တော့ မပြောနိုင်ဘူး” ဟု KNPPအတွင်းရေး မှူး ၁ ခူဦးရယ်က ပြောသည်။

တာမလာဝါး မိုင်းနင်းမိသည့်နေရာသည် အစိုးရ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံခြေမြန် တပ်ရင်း (ခမရ) ၄၄၉ တပ်စခန်းနှင့် နီးပြီး ထိုဒေသတွင် စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) (၇) လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) ၂၅၀ နှင့် ခမရ ၄၂၇ တို့လည်း လှုပ်ရှားကြောင်း သိရသည်။

landmine_burmaarmyကရင်နီပြည် နိုင်ငံရေးနှင့်စစ်ရေး မတည်ငြိမ်သည့်ဒေသများဖြစ်သည့် လောပိတအရှေ့ဘက်ခြမ်းနှင့် ပွန်ချောင်းအရှေ့ဘက်ခြမ်းတွင် မြန်မာအစိုးရတပ်က ၄င်းတို့၏ တပ်စခန်းလုံခြံုရေးအတွက်မိုင်းထောင် ထားလေ့ရှိကြောင်း၊ ကရင်နီတပ်မတော်ကလည်း စစ်ကြောင်းလှည့်လည်နေချိန်တွင် မိုင်းများထောင်ထား လေ့ရှိကြောင်း ကရင်နီသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခူဒယ်နီယာက ပြောသည်။

“(ကရင်နီတပ်မတော်) သွားထောင်ပြီးမှ ချန်ထားတာတော့ မရှိဘူး။ သူတို့သွားထောင်တယ်။ သွားစောင့်တယ်။ ပြန်လာရင် ပြန်ဖြုတ်တယ်” ဟုလည်း ၎င်းက ဆိုသည်။

ကရင်နီသတင်းနှင့် ပြန်ကြားရေး၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာအရ ကရင်နီပြည်နယ်အတွင်းရှိ စစ်ဖြစ်ပွားသည့် ဒေသတလျှောက်တွင် မြေမြှုပ်မိုင်း ၂ သောင်းဝန်းကျင်ခန့်ရှိပြီး ၁၉၇၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လက်လှမ်းမှီသည့် ကရင်နီ နယ်စပ်တလျှောက်မှ စာရင်းအရ မိုင်းနင်းမိသူပေါင်း ၁၀၅ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း ဆက်လက်အသုံးပြုနေဆဲဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်က ပြုလုပ်သည့်မိုင်းအသုံး မပြုရေး စာချုပ်ကို နိုင်ငံပေါင်း ၁၅၆ နိုင်ငံက လက်မှတ်ထိုး သဘောတူထားသော်လည်း ၃၈ နိုင်ငံကလက်မှတ် မထိုးကြောင်း၊ လက်မှတ်မထိုးသည့် နိုင်ငံများတွင် တရုတ်၊ အမေရိကန်၊ ရုရှားစသည့်နိုင်ငံများနှင့် အတူ မြန်မာနိုင်ငံလည်း ပါ၀င်ကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးကာကွယ်ရေးအဖွဲ့ (ICBL) ကထုတ်ပြန်ထား သည်။

ယခုနှစ် မတ်လကုန်ပိုင်း မြန်မာအစိုးရသစ် တက်လာသည့်နောက်မှ ယခုအချိန်ထိ ကရင်နီပြည်နယ်တွင် ကရင်နီပြည်တပ်မတော်နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲပေါင်း ၁၅ ကြိမ်ခန့် ဖြစ်ပွားပြီး ထိုတိုက်ပွဲများတွင် ကရင်နီတပ်မတော် အရာရှိ ၁၄ ဦးနှင့် တပ်သား ၁၁ ဦး အသက်ဆုံးရှုံးရပြီး ၁၄ ဦး ဒဏ်ရာရရှိသည်ဟု KNPP က ပြောသည်။

KNPP သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့မဟုတ်သည့်အတွက် “ဆွေးနွေးမှုနဲ့သဘော တူညီမှု မရှိသရွေ့ တိုက်ပွဲကတော့ ဖြစ်နေမြဲ အတိုင်းဖြစ်နေမှာပဲ” ဟု ခူဦးရယ်က ပြောဆိုသည်။

ကရင်နီ တပ်မတော်အခြေစိုက်သည့် ညာမူ တပ်စခန်းတွင် စစ်ဦးစီးတပ်၊ ပြောက်ကျားတပ်နှင့် တပ်မဟာ ၁ မှ တပ်ရင်း ၃ ရင်း အခြေ စိုက်လျက်ရှိသည်။

ကလလတ သည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) မှ ခွဲထွက်ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာ အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။

Most read this week