တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုင်းအစိုးရသစ်ကို မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်ပေးစေလို

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုင်းအစိုးရသစ်ကို မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်ပေးစေလို
by -
နှောင်းလှိုင်

လက်နက်ကိုင် တိုင်းရင်းသား အတိုက်အခံ အဖွဲ့များဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့က ယခုတက်လာသည့် ထိုင်းနိုင်ငံ အစိုးရသစ်ကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပေးစေလိုကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများ၊ နိုင်ငံရေး ပြဿနာများအား ထိုင်းအစိုးရသစ်ကို ဆွေးနွေးပေးစေ လိုကြောင်း KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

“ဗမာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့၊ ဗမာနိုင်ငံရဲ့စနစ်ကို ပြုပြင်ပြောင်းလဲဖို့၊ ဒီမိုကရေစီစနစ်ကိုပြုပြင် ပြောင်းလဲဖို့ အဲဒါသူတို့ တောင်းဆိုဖို့ လိုအပ်နေတယ်” ဟု ၎င်းက ဆိုသည်။

yinluck-shinawatraထိုင်းနိုင်ငံတွင် ပြီးခဲ့သည်လက ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဖုယာ့ထိုင်း ပါတီမှ ယင်းလပ်ခ် ရှင်နာ ၀ဒ် (Yingluck Shinawatra) သည် ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာ သည့်အပေါ် အမျိုးသမီးတဦးအနေဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းလည်း နော်စီဖိုးရာစိန်ကပြောပြ သည်။

ရှမ်းပြည်တပ်မတော် SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင်း ကလည်း “ကျနော်တို့ နိုင်ငံရေး ပြဿနာများကို ထိုင်းအစိုးရကနေတဆင့် မြန်မာအစိုးရ လက်ရှိအာဏာပိုင်တွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရဲ့အရေးကိုဝိုင်းဝန်း ဖြေရှင်းဖို့ တောင်းဆိုပေးနိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သလို အာဆီယံအဖွဲ့ဝင်ဖြစ်သည့်အတွက်မြန်မာနိုင်ငံမှ တိုင်းရင်းသား ဒေသအတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး ဖြစ်ပေါ်လာရန်ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းကပြောဆိုသည်။

KNPP အတွင်းရေးမှူး ၁ ခူဦးရယ်ကလည်း ထိုင်းနိုင်ငံအစိုးရသစ်နဲ့ ပတ်သက်ပြီး “မြန်မာနိုင်ငံအပြောင်းအလဲ လုပ်ဖို့ တိုက်တွန်းစေချင်တာပဲ” ဟု ပြောသည်။

သို့သော် အာဆီယံ၏ “ပြည်တွင်းရေး ပြဿနာကို ၀င်မစွက်ရေး” ဟူသည့် ပေါ်လစီရှိသည့်အတွက်ထိုင်းအစိုးရ က မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ၀င်ရောက်ပြောဆိုပေးမည်ဆိုပါကလည်း မြန်မာအစိုးရအနေဖြင့်လက်ခံချင် မှ လက်ခံမည်ဟု ခူဦးရယ်က ဆိုသည်။

အာဆီယံကို ၁၉၆၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့ကဖွဲ့စည်း ခဲ့ပြီး နောက်ပိုင်း တွင် ဘရူနှိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် စသည့် နိုင်ငံများ ပါ၀င်လာ၍ ၁၀ နိုင်ငံ ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာသော်လည်း တိုင်းရင်းသား နယ်မြေများတွင် ဖြစ်ပွားနေသည့် ပစ်ခတ်မှု၊ ပြည်သူလူထုအား အဓမ္မခိုင်းစေမှုနှင့် အစိုးရစစ်တပ်က ပြည်သူလူထုကို လူသားဒိုင်းသဖွယ် အသုံးပြုမှုများ ဆက်လက်ရှိနေသည့်အတွက် မြန်မာနိုင်ငံ အစိုးရသစ် လက်ထက်တွင် မည်သည့်ပြောင်းလဲမှုမျှ မရှိဟုနော်စီဖိုး ရာစိန်က ပြောဆိုသည်။

Most read this week