ရွေးကောက်ပွဲ ကာလက ထိုင်းနိုင်ငံမယ်ဟောင် ဆောင်ခရိုင်မှ နယ်စပ်လမ်းများပိတ်ပင်ထားခဲ့ သည့်အတွက် မြန်မာပြည်တွင်းသို့ တင်သွင်းရန် တင်ကျန်ခဲ့သော ကားများ ယခုလ အတော အတွင်းပြန်လည်တင်ပို့ခွင့်ရ မည်ဖြစ်ကြောင်း သိရသည်။
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ ဒုဥက္ကဌ ထွန်းကျော်မှရွေးကောက် ပွဲပြီးနောက် တက်လာသည့် အစိုးရသစ်ထံ ခွင့်ပြုချက် သွားရောက်တောင်ခံခြင်းကြောင့် ယခုလိုခွင့်ပြု ချက်များ ရလာသည်ဟု မယ်ဟောင်ဆောင်ခရိုင် မယ့်စူရင်းမြို့ အခြေစိုက် ထိုင်းစစ်ဘက်ဆိုင်ရာ ထောက်လှန်းရေး တဦးက ပြောသည်။

၎င်းက “ရွေးကောက်ပွဲ ကာလတုန်းက အစိုးရ အနေနဲ့ လမ်းတွေ ပိတ်ခိုင်းတဲ့အတွက် အထဲကို တင်သွင်း ရမယ့် ကားတွေ တင်ကျန်နေတယ်။ အဲဒီကားတွေ တင်သွင်းနိုင်ဖို့ ထွန်းကျော်က အစိုးရဆီမှာ ခွင့်ပြုချက် သွားတောင်းထားတယ်။ အခု သိရသလောက်တော့ ခွင့်ပြုတယ်လို့ ပြောတယ်။ ဒီနန်းဖဲဒင်း (နယ်စပ် အမှတ်-၁၀ ဟွေ့ပူလောင်း) လမ်းကြောင်း တခုထဲပဲ ပေးတယ်လို့ ကြားတယ်။ တခြားလမ်းကြောင်း တွေတော့ မရဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ စတင်ခဲ့ချိန်က စပြီး မြန်မာစစ်အစိုးရမှ မယ်ဟောင် ဆောင်ခရိုင်အတွင်းရှိ ထိုင်း-ကရင်နီနယ်စပ်လမ်းများ ဖြစ်သည့် နယ်စပ် အမှတ်-၁၄၊ ၁၃နှင့် ၁၀ တို့ကို လုံခြံုရေး အကြောင်းပြချက်ဖြင့် ပိတ်ပင်ထားခဲ့ရာမှ ယခု အစိုးရသစ် တက်လာသည့်နောက်ပိုင်းနယ်စပ် လမ်းများ တဖြည်းဖြည်း စတင်ဖွင့်လှစ်လာခဲ့သည်။
“ကားအစဉ်း ၆၀ ကို တစီတမ်းကြီး မောင်းဝင်ဖို့ ရှိတယ်။ တချို့လည်း တင်ကျန်နေခဲ့တဲ့ ကားတွေ ပါမယ်။ တစ်ပါတ်နွမ်းကားတွေ။ တချို့ကတော့ ကုမ္ပဏီ ကားတွေ ဖြစ်တယ်။ စီးပွားရေးအတွက်ပေါ့။ စီးပွားရေး လမ်းကြောင်း ဖြစ်လာအောင် ကုမ္ပဏီ ကားတွေ မောင်းပြမယ်။ ကယားပြည်နယ် လွိုင်ကော်မြို့အထိ ရောက်မယ်။ အဲ့ဒီထက်လည်း ကျော်သွားနိုင်တယ်” ဟု မယ်ဟောင်ဆောင်မှ ကားအရောင်းအဝယ် လုပ်နေသူ တဦးက ပြောသည်။
မတ်လ ၃၁ ရက်နေ့က ဟွေ့ပူလောင်းရှိ အောင်တခွန်ကျေးရွာတွင် ကလလတမှ စီးပွားရေး တာဝန်ခံ ဗိုလ်မှူး ကြည်ဝင်းနှင့် မယ်ဟောင်ဆောင်ခရိုင်၊ မွန်းမြို့နယ်မှူးမှ ဦးဆောင်ပြီး ခရီးသည်နှင့် ကုန်သည်များ သက်သာချောင်ချိစွာ ၀ယ်ယူသုံးစွဲနိုင်ရေးအတွက် စျေးဆိုင်များ ဖွင့်ပွဲ အခမ်းအနား တရပ် ပြုလုပ်ခဲ့သည်။
နယ်စပ်အမှတ် -၁၀ လမ်းအား ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ စစ်ရေး ပဋိပက္ခကြောင့် ဖွင့်လိုက်ပိတ်လိုက် ရှိနေခဲ့ရာမှ ၂၀၁၀ ရွေးကောက်ပွဲအပြီး တဖန် ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။



