အစိုးရကို ရှောင်ရှား၍ မော်ချီးခဲများ မှောင်ခိုစျေးကွက်တွင် ချရောင်း

အစိုးရကို ရှောင်ရှား၍ မော်ချီးခဲများ မှောင်ခိုစျေးကွက်တွင် ချရောင်း
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖာဆောင်းမြို့နယ်ရှိ မော်ချီးသတ္တု တွင်းများ၌ ခဲများ တူးဖော်နေသူများသည် ယခု အချိန်တွင် ခဲများကို အစိုးရတပ်များထံ မရောင်း ကြတော့ဘဲ အများအားဖြင့် မှောင်ခိုစျေးဖြင့်ရောင်း ချကြသည်။

ခဲများသည် မော်ချီးဒေသ၌ အစိုးရစစ်တပ်များ၏ တရားဝင် သတ်မှတ်ထားသော ပေါက်စျေးအရ တစ်ပိဿာ လျှင် ကျပ်ငွေ ၆၀၀၀ မှ ရ၀၀၀ အထိ စျေးရှိပြီး မှောင်ခိုစျေးကွက်တွင် တစ်ပိဿာလျှင် ကျပ်ငွေ ၈၀၀၀ မှ ၁၀၀၀၀ အထိ စျေးရှိသောကြောင့် ခဲတူးဖော်သူများက ခဲများကို မှောင်ခိုးစျေးဖြင့် ရောင်းချခြင်း ဖြစ်သည်ဟု ဖာဆောင်းမြို့နယ်၌ လှုပ်ရှားနေသော ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ပြောရေးဆိုခွင့်ရှိသူ စောထီးထာစွေ့က ပြောသည်။

washing-_lead

“အစိုးရကို သူတို့ အနည်းအကျဉ်းလောက်ပဲ ရောင်းတယ်။ များသောအားဖြင့် ဒီမှောင်ခိုစျေးမှာ ခိုးပြီးတော့မှ ထုတ်ရောင်းတယ်လေ” ဟု ၎င်းက ပြောသည်။

မှောင်ခိုစျေးဖြင့် ခဲများကို ၀ယ်ယူသော အဖွဲ့များမှာ အပစ်ခတ်ရပ်စဲရေးအဖွဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နှင့် ကရင်နီသွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို) တို့ဖြစ်သည်။ ၎င်းအပစ်ရပ် အဖွဲ့များသည် ခဲများကို မော်ချီးဒေသမှ လွိုင်ကော်မြို့သို့ သယ်ပြန်ပြီး ခဲများ ၀ယ်ယူသော တရုတ် စီးပွားရေး လုပ်ငန်းရှင်တို့နှင့်တဆင့် ပြန်လည်ရောင်းချကြသည်ဟု သိရသည်။

အစိုးရစစ်တပ်များသည် အပစ်ရပ် အဖွဲ့များက ခဲများကို ခဲတူးဖော်နေသူများထံမှ မှောင်ခိုစျေးဖြင့် ၀ယ်ယူပြီး စီးပွားရေး လုပ်ဆောင်နေသည်ကို သိရှိထားကြောင်း၊ သို့သော် အပစ်ရပ် အဖွဲ့များက စစ်တပ်များ နှုတ်ပိတ် ရန်အတွက် လာဘ်ထိုးမှုများ ပြုလုပ်နေကြာင်း စောထီးထာစွေ့က ဆိုသည်။

ယခုအချိန်တွင်လည်း အပစ်ရပ် အဖွဲ့များသည် မော်ချီးဒေသတွင် ခဲတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်း များကို ပိုမိုလုပ်ဆောင်လာရန် လုံခြံုရေးအတွက် တပ်အင်အားများကို ပိုမိုတိုးချဲ့ချထားလာသည်ဟုဖာဆောင်း မြို့နယ်တွင် လူထုအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသော ဖားမူးက ပြောသည်။

၎င်းက “သူတို့ များသောအားဖြင့် ရန်သူက သူတို့ကို အခွင့်အရေးပေးထားတယ်။ သတ္တုတွင်းမှာဝင်လုပ်နိုင်စွမ်း အား ရှိတယ်။ ပြီးမှ သစ်ထုတ်လုပ်ရေးမှာ ပို၀င်လုပ်တယ်” ဟု ပြောသည်။

ကရင်နီပြည်တွင် သတ္တုတွင်း ခဲတူဖော်ရေး လုပ်ငန်းများကို ဖာဆောင်းမြို့နယ် မော်ချီးဒေသတနေရာတည်း တွင်သာ လုပ်ကိုင်နေပြီး အခြားနေရာများမှာ မရှိသေးကြောင်း ကရင်နီပြည်ထဲရေး ၀န်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဗားမားနိုင်က ပြောသည်။

“မော်ချီးခဲတွင်းကတော့ အကြာမြင့်ဆုံးလောက် ကျတာပေါ့။ တခြားနေရာတော့ ဒီခဲတူးတာတော့ နည်းနည်း ပါးပါး စီးပွားဖြစ်ရယ်လို့တော့ မရှိဘူး။ တချို့က စမ်းသပ်တာလောက်ပဲ ရှိတယ်လေ။ စမ်းသပ်ကြည့်ပြီးတော့မှ ဥပမာ ခဲက နုသေးတယ် အဲလိုတွေ ဖြစ်တော့ မလုပ်ဖြစ်ဘူး။ ခနတဖြုတ် အဲမျိုးလုပ်တာပဲ ကြားရတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် မကုန်မှီတွင် မှောင်ခိုစျေးကြောင့် ခဲတူးဖော်သူများက ခဲများကို အစိုးရစစ်တပ်များထံ သွင်းအား နည်းပါးသည့်အတွက် အစိုးရမှ မော်ချီးခဲတွင်း တူးဖော်ရေး လုပ်ငန်းများကို ပိတ်ချဖွယ်ရှိသည်ဟု သတင်များ ထွက်ပေါ်ခဲ့သေးသည်။

မော်ချီး သတ္တုတွင်း ခဲလုပ်ငန်းများကို မဆလ အစိုးရလက်ထက်ကတည်းက စ၍ ယခုအချိန်ထိ လုပ်ကိုင်နေဆဲ ဖြစ်သည်။ မော်ချီးခဲတွင်းတွင် ခဲကျင်းပေါင်း ၁၅၀ ကျော် ရှိပြီး ထိုခဲတွင်း လုပ်ငန်းများတွင် ဖာဆောင်မြို့နယ်မှ ဒေသခံများနှင့် နယ်ဝေးမှ လူထုများလည်း လာရောက်လုပ်ကိုင်ကြပါသည်။

Most read this week