“မင်္ဂလာတပါးလား သို့မဟုတ် ကျိန်စာတစ်ခုလား”

“မင်္ဂလာတပါးလား သို့မဟုတ် ကျိန်စာတစ်ခုလား”
by -
မိုထျေးကေး

အချိန်က ၁၉၉၆ ခုနှစ် မတ်လအတွင်း ဖြစ်ပါတယ်။ ကျနော်တို့ ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့ဟာ ဆိုတရှားမြို့ နယ်အတွင်းရှိ ဒေါပလောဒူ၊ ဒေါပေ၊ ဒေါတမနဲ့ ဒေါဝယ်ရောကျေးရွာတွေကို ဖြတ်သန်း ရင်း ဆိုတရှားတောင် အလှကို လှမ်းမျှော်ကြည့်ပြီး ခရီးနှင်ခဲ့ကြတယ်။

သံလွင်မြစ်အရှေ့ဖက်၊ ဆိုတရှားမြို့နယ်ကနေ သံလွင်အနောက်ဖက်၊ ဖရယ်သိုးလဲဲမြို့နယ်ထဲကို လှော် လှေလေးဖြင့် ဖြတ်ကူးပြီး သံလွင်ကမ်းခြေတစ်နေရာမှာ နေ့လယ်စာကို ဝိုင်းပြီးချက်ပြုတ်စားသောက်ခဲ့ကြ ပါတယ်။

သံလွင်နဘေးက အလေ့ကျပေါက်တဲ့ ကင်းမှုံရွက်တွေ၊ ဝါးမြှစ်လေးတွေဟာ ကျနော်တို့အဖွဲ့အတွက် ဟင်းချို ကောင်းကောင်းတစ်ခွက် ဖြစ်စေပါတယ်။ ပါလာတဲ့ ငါးမျှားချိတ်လေး (၃) ချောင်းနဲ့ သူငယ်ချင်းတစ်ယောက် က မြစ်ကမ်းဘက်ကို ဆင်းသွားပြီး ခဏအကြာမှာဘဲ ၁ ပိဿာလောက်ရှိတဲ့ ငါးတစ်ကောင်ဆွဲလာပါတယ်။

ထိုနေ့လယ်အတွက် ကျနော်တို့အဖွဲ့ဟာ သံလွင်မြစ်က ဖန်ဆင်းပေးတဲ့ ဟင်းကောင်းကောင်းလေး တစ်ခွက်နဲ့ ထမင်းကိုမြိန်ယှက်စွာ စားသောက်ရင်း ရှေးပြေးအဖွဲ့ရဲ့နောက်ကို အမှီလိုက်ဖို့အတွက် ခပ်သုတ်သုတ် ခရီးဆက်ခဲ့ကြပါတယ်။

သံလွင်ကို အထူးကျေးဇူးတင်မိခဲ့ပါတယ်။ ကမ်းခြေတောက်လျှောက် သံလွင်ရဲ့အလှကို မျက်စိတဆုံး ရှုမြင်ခံစားပြီး စိတ်ကူးထဲဝင်လာတဲ့အရာက “တိုင်းပြည်ငြိမ်းငြိမ်းချမ်းချမ်းရှိရင်၊ ငါဒီသံလွင်မြစ် ဘေးမှာဘဲ အသက်မွေးဝမ်းကျောင်းပြုမယ်” ဆိုတာပါဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့အဖွဲ့ဟာ သံလွင်ဘေး တစ်လျှောက်ဆန်တက်ပြီး သံလွင်ထဲစီးဆင်းလာတဲ့ ဝယ်ဘိုးလဲချောင်း လက်တက်ငယ်လေးအတိုင်း ခရီးဆက်ခဲ့ကြတယ်။

salaween-riverခရီးက အင်မတန် ကြမ်းတမ်းတဲ့ကြားထဲမှာ မိုးကလည်း အသည်းအသန်ရွာချပါတယ်။ မိုးရေနဲ့ အတူပါလာတဲ့ လေပြင်းတိုက်ခတ်မှုဒါဏ်ကို အံတုရင်း ကျနော်တို့အဖွဲ့ဟာ ဒေါဟေဆိုရွာရောက်ခါနီး လယ်တဲတစ်နေရာမှာ စခန်းချအနားယူခဲ့ကြပါတယ်။ အချိန်က ည(၈)နာရီ လောက် ဖြစ်ပါတယ်။ ရှေ့ပြေးအဖွဲ့က ရွာထဲရောက်နေ ပြီးဖြစ်တယ်။ စိုစွတ်တဲ့အဝတ်တွေကို မီးကင်အခြောက်လှမ်းပြီး လယ်တဲထဲမှ ပုခက်ကလေး ကိုယ်စီဖြင့် အိပ်စက်အနားယူခဲ့ကြပါတယ်။

နောက်တစ်ရက် မနက် (၆) နာရီအချိန်၊ တောင်ကုန်းကလေးပေါ် တည်ရှိတဲ့ ဒေါဟေဆိုရွာကလေးဆီ ရောက်သွားပါတယ်။ ခရီးစဉ်ထဲမှာ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့ (၁၅) ဦး ပါသွားခဲ့ကြပါတယ်။ အဖွဲ့ထဲမှာ ဆေးမှူး (၄) ဦးပါဝင်ပါတယ်။ ဒေါဟေဆိုရွာဟာ အိမ်ခြေ (၇ဝ) ဝန်းကျင်လောက်ရှိမယ်။ ရွာရဲ့အဝင် လမ်းဘေးမှာ ရှေးဘိုးဘွား သင်္ချိုင်းကို မြင်တွေ့ရပါတယ်။

ကျနော်တို့ ရွာရောက်တော့ အင်မတန်ဖော်ရွှင်တဲ့ရွာသားတွေရဲ့ နွေးထွေးတဲ့ ဧည့်ခံကြိုဆိုမှုတွေမြင်ရပါတယ်။ အသင့်ချက်ထားတဲ့ တောင်ယာဆန် ပူပူနွေးနွေး၊ ပိန်းနွဲသီးနဲ့ ဝက်သားဟင်းချို၊ငြုပ်သီးနဲ့မြေပဲထောင်းဟင်း လေးနဲ့ မိမိတို့အဖွဲ့သားတွေဟာ ပြင်ဆင်ထားတဲ့ထမင်းဝိုင်းကို အားပါးတရ မြိန်ယှက်စွာစားသောက်ခဲ့ကြ ပါတယ်။

ထမင်းစားသောက်ပြီး ရွာလူကြီးတွေနဲ့ စကားစမြည်ပြောဆိုသူက ပြောဆို၊ရွာထဲအလည်အပတ် သွားချင် သူက သွားကြပါတယ်။ ကျနော်ဟာ ရွာထဲသို့ သူငယ်ချင်းတွေနဲ့အတူ သွားရောက်လည်ပတ်စဉ် ရွာအတွင်း စိုက်ထူထားတဲ့ ကရင်နီလူမျိုးတွေရဲ့ ရိုးရာ ကေးထျိုးဘိုးတိုင်တွေကို မြင်တွေ့ရပါတယ်။ တိုင်တွေဟာ အရွယ်အစား အမျိုးမျိုးရှိပြီး တချို့ဆိုရင် ဆွေးမြေ့လဲကျပြီးဖြစ်တဲ့အတွက် ရွာရဲ့တည်ရှိတဲ့ သက်တမ်းကို ခန့်မှန်းကြည့်တော့ နှစ် ပေါင်း (၃ဝ)ထက်မက ရှိပြီလို့ ခန့်မှန်းမိပါတယ်။

ရွာထဲမှာ ရိုးရာဓလေ့ဖြစ်တဲ့ ကေထျိုးဘိုးတိုင်ကို ယဉ်ကျေးမှုအဖြစ် စိုက်ထူထားသလို သစ်သားအခင်းအကာနဲ့ သွပ်မိုးအမိုးဖြင့် တည်ဆောက်ထားတဲ့ ရောမ ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းကြီးတစ်လုံးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

မိမိတို့အဖွဲ့ဟာ တစ်အိမ်တက်တစ်အိမ်ဆင်းပြီး ကျေးရွာရဲ့ ယေဘုယျအခြေအနေကို အကဲဖြတ်ပြီး လိုအပ်တဲ့ တွေ့ဆုံးမေးမြန်းခန်းတွေ ပြုလုပ်သွားခဲ့ပါတယ်။ ရွာတွင်းအလည်အပတ်ပြုပြီးနောက် ကျနော်တို့အဖွဲ့ရဲ့ ကောက်နှုတ်ချက်အရ ဒေါဟေဆိုရွာလေးမှာ ရှိတဲ့ရွာသားတွေဟာ မချမ်းသာပေမယ့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားပြီး ငြိမ်းချမ်းတဲ့ကျေးရွာလေးတစ်ရွာဖြစ် အသိအမှတ်ပြုခဲ့ကြတယ်။

ဖရယ်သိုးလဲ (ရှားတော) မြို့နယ်အတွင်းရှိ ဒေါဟေဆိုကဲ့သို့ ကျေးရွာအတော်များများကို ကျနော်တို့အဖွဲ့မှ သွားရောက်လည်ပတ်စဉ် ဖရယ်သိုးလဲမြို့နယ်ရဲ့ ရှုမဝတဲ့အလှတွေ၊ ဖော်ရွှင်တဲ့ ကရင်နီတိုင်းရင်းသားတွေရဲ့ နွေးထွေးမှုတွေဟာ ကျနော့ရဲ့နှလုံးသားထဲ စွဲကျန်ခဲ့ပါတယ်။ ဒါ့အပြင် တခူးတောင်ရဲ့ အလှဟာလည်း အင်မတန် ကြည်နူးစရကောင်းလှပါတယ်။

ကျနော်တို့အဖွဲ့ဟာ ဒေါလာလဲကနေတဆင့် ပွန်ချောင်းထဲဆင်းပြီး ထီးတငါးမှ တရက်နားခဲ့ကြပါတယ်။ ထီးတငါးဟာ အိမ်ခြေ (၂ဝ) သာရှိပြီး ရွာသားတွေဟာ ပွန်ချောင်းဘေး နှမ်းခင်းလုပ်ငန်းနဲ့ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြတယ်။

ကျနော်တို့အဖွဲ့ ထီးတငါးမှာ နားနေစဉ် ပွန်ချောင်းငါးဟင်းကို ကောင်းကောင်းစားဘူးတော့တယ်။ပွန်ချောင်း ငါးရဲ့ အရသာလေးဟာ အင်မတန်ထူးကဲချိုမြိန်တဲ့အရသာရှိပါတယ်။ ထီးတငါးဟာ ဒီမောဆိုမြို့နယ်အတွင်း တည်ရှိပါတယ်။

ကျနော်တို့အဖွဲ့ဟာလည်း ဒီမောဆိုမြို့နယ်အတွင်းရှိ ကျေးရွာ အတော်များများကို လှည့်လည်ပြီး ဒေါတ နေကျေးရွာကနေတဆင့် ဒွေးမယ်နှောင်ကန်၊ ကန်ခုနှစ်ဆင့်အလှကို လှမ်းမျှော်ကြည့်ရင်း ကရင်နီပြည်နယ်ရဲ့ အလှလေး ဖန်ဆင်းပေးတဲ့ ဘုရားသခင်ကို စိတ်နှလုံးထဲ အထူးကျေးဇူးတင်မိပါတယ်။

သို့သော် ကျနော်တို့အဖွဲ့ရဲ့ ခရီးစဉ်ပြီးဆုံးပြီး နောက်ထပ်သုံးလ၊ ၁၉၉၆ ခုနှစ် မေလအတွင်းမှာ ငြိမ်းချမ်းတဲ့ ကရင်နီလူထုရဲ့ ဘဝကို ပြောင်းပြန်လှန်ပစ်တဲ့ နဝတ (နအဖ)ရဲ့ ပြောင်းရွှေ့မိန့်ကို မလွန်ဆန်နိုင်ခဲ့ကြပါဘူး။  ဆို တရှားမြို့နယ်ရှိ ဒေါပလော်ဒူ၊ ဒေါပေ၊ ဒေါတမနဲ့ ဒေါဝယ်ရော အပါအဝင် ရွာတစ်ခုမကျန် မြေလှန် စစ်ဆင်ရေးကြောင့် ပျောက်ကွယ်သွားပြီး ရှားတောမြိုနယ်ရှိ ဒေါဟေဆို၊ ဒေါခရော်အော၊ ဒေါဆိုကျ၊ ဒေါလာလဲ အပါအဝင် ကျေးရွာ ပေါင်း (၉ဝ) ကျော်ဟာလည်း မြေလှန်ရှင်းလင်းခြင်း ခံခဲ့ကြရပါတယ်။

ထိုနည်းတူ ပွန်ချောင်းဘေးဘက်မှာတည်ရှိတဲ့ ထီးတငါး ကျေးရွာဟာလည်း စစ်ဆင်ရေးကြောင့်ပျောက်ကွယ် သွားခဲ့ရပါတယ်။ ပြည်သူအများစုဟာ ထိုင်းနိုင်ငံဒုက္ခသည်စခန်းထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဒီလိုနယ်မြေရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေး အစီအစဉ်ရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေရှိသလဲ ဆိုတာပြန်ပြီး ဆန်းစစ်ကြည့်ရင် ယခုအချိန်မှာ ပိုပြီး ပီပီပြင်ပြင် ပေါ်လွင်လာပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇန္နဝါရီ အတွင် တရုတ်ဒါတန်းကုမ္မဏီနဲ့ နအဖ ဟာ ကရင်နီနယ်မြေရှိ ရွာသစ်ရေကာတာ၊ ဘောလခဲရှိ ပွန်ချောင်း ရေကာတာနဲ့ သဘက်ချောင်း ရေကာတာတည်ဆောက်ဖို့အတွက် နေပြည်တော်မှာ နှစ်ဦးနှစ်ဘက် နားလည်မှု စာချုပ်လွှာ ချုပ်ဆိုခဲ့ကြတယ်။

သံလွင်အထက်ဖက်မှာ ထိခိုက်နိုင်မယ့်၊ ဆန့်ကျင်လာနိုင်မယ့် ဒေါဟေဆိုကျေးရွာကဲ့သို့ ကျေးရွာဟူသမျှကို ကြိုတင်ရှင်းလင်းထားခြင်းဖြင့်  ယခုအခါ ရေကာတာ စီမံကိန်းအတွက် အနှောက်အယှက်ပေးမယ့်သူမရှိနိုင် တော့ဘူးလို့ မြန်မာအစိုးရက ယူဆထားကြပါတယ်။

ဒီလိုအဓမ္မပြောင်းရွှေ့ခြင်းကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် တိုင်းတပါးနိုင်ငံတွေမှာ ဒုက္ခမျိုးစုံခံစားနေကြရစဉ် မြန်မာအစိုးရသစ်ရဲ့ ပြန်ကြားရေးဌါနဝန်ကြီး ဦးကျော်ဆန်းကနေပြီး ပြောဆိုတာက “ဒုက္ခသည်တွေဟာ သူပုန်မိသားစုတွေဖြစ်တယ်” ဆိုတဲ့ မဆင်မခြင် ပြောဆိုမှုဟာ မိမိတို့ကရင်နီ အမျိုးသားအားလုံးအတွက် စဉ်းစားစရာအချက်တစ်ချက် ဖြစ်လာပါတယ်။

ကျနော်တို့ဘိုးဘွားလက်ထက် လက်ဆင့်ကမ်းပိုင်ဆိုင်ထားတဲ့ ပေါများကြွယ်ဝတဲ့ မြေပေါ်မြေအောက် သယံဇာတတွေဟာ ကျနော်တို့ ကရင်နီပြည်သူအတွက် “မင်္ဂလါတပါးလား၊ ကျိန်စာတစ်ခုလား” ဆိုတာ ဆင်ခြင်စဉ်းစားပြီး ဘိုးဘွားပိုင်အမွှေအနှစ်ကို ဘယ်လိုဝိုင်းဝန်းကာကွယ် ထိန်းသိမ်းရမလဲဆိုတာနည်းလမ်း ရှာဖွေနိုင်ကြပါစေ…

Most read this week