ကလလတကို တိုက်ခိုက်လျှင် နိုင်ငံရေးအရ နှစ်နာမည်

ကလလတကို တိုက်ခိုက်လျှင် နိုင်ငံရေးအရ နှစ်နာမည်
by -
နှောင်းလှိုင်

စီးပွားရေးလုပ်ငန်းကို အကြောင်းပြ၍ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ထိန်းချုပ်နယ်မြေထိ တိုးချဲ့လာနေသော ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေး တပ်ဦးကို စစ်ရေးအရတိုက်ခိုက် မည်ဆိုပါက နိုင်ငံရေးအရနှစ်နာမည်ဟုစစ်မြေပြင် တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ သောအဖွဲ့က ဆိုသည်။

နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသွားခဲ့သော ကလလတအဖွဲ့သည် ယခုမြန်မာအစိုးရသစ်လက်ထက် တွင် စီးပွားရေးလုပ်ငန်းများကို ကေအဲန်ပီပီ ထိန်းချုပ်နယ်မြေများဖြစ်သည့် အမှတ်် ၂ ခရိုင်ဘက်သို့တိုးချဲ့လျက် ရှိသည်။

“သူတို့ အပြင်မှာ တဖြည်းဖြည်း တိုးချဲ့လာတာဟာ အလိုအလျောက် နယ်မြေတိုးချဲ့မှုတစ်ခုပဲ။ ဒါပေမဲ့ နအဖ အတွက်က အလိုအလျောက် ခြံစည်းရိုး တစ်ခုလို ဖြစ်လာတယ်လေ။ ကျနော်တို့က ဒီအပစ်ရပ်အဖွဲ့တွေကို တကူးတက သွားတိုက်ထုတ်မယ်ဆိုရင်လည်း နိုင်ငံရေးအရ ကျနော်တို့ နစ်နာမယ်။ ပြည်သူလူထုကလည်း အဲပေါ်မှာ အမြင်ရှင်းချင်မှ ရှင်းမယ်။ အဲဒါကို သူတို့ တဖြည်းဖြည်း အခွင့်ယူပြီးတော့မှ တဖြည်းဖြည်းတိုးချဲ့ လာတာပေါ့” ဟု အမှတ် ၂ ခရိုင်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ဦးဆောင်နေ သော ဦးဖားမူးက ပြောသည်။

အစိုးရမှ ခွင့်ပြုချက်တို့ဖြင့် ကလလတသည် မော်ချီးမှ ဂိုးသရိုးကျေးရွာ၊ ခိုဘောသောကျေးရွာတွင်တပ်များချ ထားခဲ့ရာမှ ယခုနှစ်ထဲတွင် ခီးလေးခီး သတ္တုမိုင်းတွင်  တပ်ထပ်မံတိုးချဲ့လာသည်။

borderguardforce
ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မ (ကေအက်စ်ဒဘလျူဒီစီ) သည် ပြည်တွင်း၌အရေးပေါ်ကယ်ဆယ် ရေးနှင့် ထောက်ပံ့မှုတို့ကို ဆောက်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။

“သူတို့ များသောအားဖြင့် ရန်သူက သူတို့ကို အခွင့်အရေးပေးထားတယ်။ သတ္တုတွင်းမှာဝင်လုပ်နိုင်စွမ်းအား ရှိတယ်။ ပြီးမှ သစ်ထုတ်လုပ်ရေးမှာ ပို၀င်လုပ်တယ်။ ဒါပေမယ် အဲဒီမှာ တဖက်လှည့်အနေနဲ့ ရန်သူကအကွက် ဘယ်လိုဆင်ထားလဲဆိုတော့ သူတို့ ဒီစီးပွားရေး လုပ်ရင်းနဲ့ သူတို့ အဖွဲ့ကို ရှေ့တိုး တိုးခိုင်းတယ်လေ။ ရှေ့မှာက သူတို့ နအဖအတွက် အကာအကွယ်ပေးရအောင်ပေါ့ သူတို့တပ်တွေ ရှေ့ကိုတိုးတယ်။ စီးပွားရေးလုပ်ရင်းနဲ့ တိုးလာတာပေါ့” ဟု ဦးဖားမူးက ဆိုသည်။

ခဲများ၊ သစ်များကို ပြည်သူများမှတဆင့် လုပ်ကိုင်ပြီး ကလလတမှ ကြီးကြပ်သည်။ မော်ချီးမှ ကလလတ ဦးဆောင်သူ ဒေသတာဝန်ခံ ဗိုလ်မှူးထူးပေါ်၊ ခွဲမှူးအဆင့် ဗိုလ်ပေါလူနှင့် အုပ်ချုပ်ရေးမှာ ဗိုလ်မောင်ဝမ်း ဖြစ်သည်။

“ကရင်နီ ထိန်းချုပ်နယ်မြေမှာက ပိုပြီးတော့မှ အခြေအနေကောင်းတယ်လေ။ အခု သူတို့လုပ်တဲ့စီးပွားရေး တွေက သစ်တွေ များနေတယ်။ သစ်တွေ လုပ်ကြတယ် ။ အဲတော့သူတို့က လာပြီး သစ်တွေ ထုတ်ကြတယ်။ နောက်သူတို့ လာပြီးတော့မှ အချိုသတ်တာပေါ့နော်။ ကျနော်တို့က ညီအစ်ကိုတွေပဲ။ ကျနော်တို့ကအချင်း ချင်းတွေပဲဆိုပြီး အချိုသတ်နေတယ်” ဟု အမှတ်၂ ခရိုင်တွင် လုပ်ရှားနေသော ကရင်နီတပ်မှပြောရေးဆို ခွင့်ရှိသူ စောထီးထာစွေ့က ပြောပါသည်။

ကလလတသည် ၁၉၇၈ ခုနှစ်တွင် ကေအဲန်ပီပီမှ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။

Most read this week