ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဟာ မြန်မာအစိုးရစစ်တပ်ကို တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ အခြေခံစခန်း တွေဖြစ်တယ်၊တနည်းအားဖြင့်သူပုန် စခန်းတွေ ဖြစ်တယ်လို့ အသစ်တက်လာတဲ့ မြန်မာအစိုးရက
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေဟာ မြန်မာအစိုးရစစ်တပ်ကို တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ အခြေခံစခန်းတွေဖြစ်တယ်၊ တနည်းအားဖြင့်သူပုန်စခန်းတွေဖြစ်တယ်လို့ အသစ်တက်လာတဲ့ မြန်မာအစိုးရက ပြောဆိုသတ်မှတ်ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ဒုက္ခသည် ၁ သိန်းကျော်ကိုလည်း မြန်မာပြည် ကို ပြန်ပို့မယ်ဆိုတဲ့သတင်းတွေ ထွက်လာတဲ့အတွက် ဒုက္ခသည်တွေအဖို့ ထိတ်လန့်စရာ၊ စိုးရိမ်စရာတွေ ဖြစ်ပေါ်လာပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်နီဒုက္ခသည်ကိုယ်စားလှယ်များမှ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အမှုဆောင်ကော်မီတီဝင်တွေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ချိန်က တင်ပြဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

“မတ်လ ၃၀ ရက်နေ့က နအဖအစိုးရသစ်ပေါ့ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းကနေပြီးသတင်းစာရှင်း လင်းပွဲလုပ် တယ်။ ဒုက္ခသည်စခန်းမှာ သောင်းကျန်းသူတွေပဲရှိတယ်။ သောင်းကျန်းသူတွေ အခြေစိုက်တဲ့စခန်းပဲလို့ ပြောတယ်။ အဲ့ဒါပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က၊ ကျော်ဆန်းကိုယ်တိုင်၊ အစိုးရသစ်။ နောက်ပြီးတော့ တခါတခါဒီဘက်ကို ထွက်ပြေးရောက်ရှိလာတဲ့ deserters (တပ်ပြေး) တွေရှိတယ်။ ကျနော်တို့ကြံုတဲ့အခါမေးတယ်။ ဆိုတော့အဲ့လိုပဲ သုံး၊ လေး၊ ငါးယောက်မေးကြည့်တော့။ ခင်ဗျားတို့ထက် ကြီးတဲ့သူတွေက ဒီစခန်းနဲ့ပတ်သက်ပြီးဘယ်လိုမြင်သလဲ လို့ မေးတဲ့ခါကျတော့ ဒါသူပုန်စခန်းဘဲလို့ မြင်တယ်နော်…။ အဲ့တော့ကျနော်တို့ကနေပြီး သူတို့ဆီပြန်ပို့မယ်ဆိုတော့ သူ့တို့ရဲ့ သံသယရဲ့ အကြည့်အောက်မှာ စောင့်ကြည့်ခံရမယ်။ ကျနော်တို့အတွက်လုံခြံုမှုက အားနည်းမယ်လို့ ကျနော်ထင်တာဘဲလေ။ ကျနော်စိုးရိမ်နေရမှာပဲလို့ ထင်တယ်။”
ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းကော်မီတီ ဒု-ဥက္ကဌ ဦးအောင်မောင်းက UNHCR အမှုဆောင်ကော်မီတီဝင်များနဲ့ သံအမတ်တွေကို တင်ပြပြောဆိုခဲ့တာပါ။
UNHCR အမှုဆောင်ကော်မီတီ ဥက္ကဌ Hisham Badr မှ ဦးဆောင်တဲ့ သံအမတ်အဖွဲ့ဟာ ထိုင်းနိုင်ငံအခြေစိုက် UNHCR ကိုယ်စားလှယ်များ၊ မယ်ဟောင်ဆောင်ခရိုင်မှ မြို့တော်ဝန်နဲ့ တာဝန်ရှိသူတွေနဲ့အတူ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းသို့ လာရောက်လည်ပတ်ပြီး ဒုက္ခသည်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
UNHCR အမှုဆောင်ကော်မီတီဝင်များနဲ့ သံအမတ်များကို ဒုက္ခသည်ပင်မကော်မီတီ၊ ဒုက္ခသည်စခန်းကော်မီတီနဲ့ ကရင်နီကျောင်းသားသမဂ္ဂ အဖွဲ့မှ ကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ယခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဒုက္ခသည်တွေအပေါ် သူပုန်ထောက်ခံသူများ၊ သူပုန်စခန်းများဆိုတဲ့ သတ်မှတ်စွပ်စွဲထားချက်နဲ့ ပတ်သက်ပြီး ကရင်နီဒုက္ခသည်မှ တင်ပြဆွေးနွေးမှုအပေါ် အမှုဆောင်ကော်မီတီအဖွဲ့ရဲ့ တုန့်ပြန်မှုမှာ မိမိတို့အနေဖြင့် Geneva ကနေ ယခုလို နယ်စပ်ဒုက္ခသည်စခန်းကို လာရတဲ့အဓိကအကြောင်းရင်းက ဒုက္ခသည်တွေရဲ့ လုံခြံုရေးဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့အနေနဲ့ Geneva ကနေ ဒီအထိရောက်လာပြီး အဓိကလုပ်ဆောင်ရမည့်အချက်က လုံခြံုရေးအတွက်ပဲ ဖြစ်ပါတယ်။ (ဒုက္ခသည်တွေအတွက်) လုံခြံုရေးက နံပါတ်-၁ဖြစ်တယ်” လို့ UNHCR အမှုဆောင်ကော်မီတီ ဥက္ကဌလည်းဖြစ် Egypt သံအမတ်လည်းဖြစ်တဲ့ Hisham Badr က ပြောပါတယ်။
ဆက်လက်ပြီး Hisham Badr က “တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီးရှိကြတဲ့ ကျနော်တို့တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီစားပွဲပေါ်မှာ အတူတကွ ဆွေးနွေးအဖြေရှာပြီး မည်သည့်ဘက်ကမှအရှုံးမရှိဘဲ နှစ်ဦးနှစ်ဘက်စလုံးအနိုင်ရရှိသွား တယ်ဆိုတဲ့ (win win situation) အဖြေကိုရရှိဖို့ဘဲ ဖြစ်တယ်။ ဒါကြောင့် UNHCR အနေနဲ့လည်းလူသားချင်းစာနာ ထောက်ထားမှု အကူအညီ၊ ကာကွယ်စောင့်ရှောက်မှုတွေပေးပြီး အဖွဲ့တိုင်းလိုလိုကနေ အနိုင်ရသွားတယ်ဆိုတဲ့ အဖြေကို အတူတကွရှာဖွေဖို့ဖြစ်တယ်။”
UNHCR အမှုဆောင်ကော်မီတီဝင်များ ယခုလို ကရင်နီဒုက္ခသည်စခန်းသို့ မလာခင် ရက်အနည်းငယ်အတောအတွင်း မြန်မာအစိုးရမှ နယ်စပ်ဒုက္ခသည်တွေကို သူပုန်ဟုစွပ်စွဲပြောဆိုမှုများရှိခဲ့ပြီး ထိုင်းအစိုးရအနေနဲ့လည်းဒီဒုက္ခသည် တွေကို မြန်မာပြည်တွင်းသို့ ပြန်ပို့ဖို့အစီအစဉ်တွေ ရှိနေတယ်ဆိုတဲ့အကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုက်လျက်ရှိနေတဲ့ ဒုက္ခသည် ၁ သိန်းကျော်ကို ပြန်ပို့မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒုက္ခသည်ကိုယ်စားလှယ်တို့ရဲ့ မေးမြန်းချက်ကို ထိုင်းနိုင်ငံအခြေစိုက် UNHCR ကိုယ်စားလှယ် James Lynch က ယခုလိုရှင်းပြသွားပါတယ်။
“ဒုက္ခသည်တွေ အားလုံး တနေ့ကျရင် ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ မျှော်လင့်တယ်။ ၂၇ နှစ်လုံးလုံး ဒီစခန်းထဲမှာပဲ ပိတ်ပြီး နေနေရတဲ့ ပုံစံမျိုးက အဖြေ မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုး မဖြစ်မီမှာတော့ သေချာတဲ့ အပြောင်းအလဲ တစ်ခုတော့ ရှိရမယ်။ ၀မ်းနည်းစရာ ကောင်းတာက အခု မြန်မာနိုင်ငံမှာက ဒီလိုအခြေအနေတွေက မဖြစ်သေးဘူး။ အခုလောလောဆယ် ကောလဟာလတွေ ဖြစ်နေတာတွေ Bangkok Post တို့ The Nations သတင်းစာတွေမှာ ပေးထားတဲ့ ဒီ headline တွေနဲ့ အပြင်မှာ ဖြစ်နေတာတွေက တချို့ဟာတွေမှာ ကိုက်ညီမှု မရှိဘူး ဖြစ်နေတယ်။ အဲဒီသတင်း ခေါင်းစဉ်တွေက တကယ်ပဲ စိုးရိမ်စရာ ရှိတယ်။ စိုးရိမ်ဖို့ကို ပြနေတယ်။ ဒါပေမယ့် ထိုင်းတော်ဝင် အစိုးရနဲ့ UNHCR စကားပြောတဲ့ အခါမှာ စောစောက သတင်းခေါင်းစဉ်တွေက ကွက်တိ မဖြစ်ဘူး”
ယခုလက်ရှိ တတိယနိုင်ငံမှာ သွားရောက်အခြေချနေထိုင်ခွင့်ရရှိတဲ့ ကရင်နီဒုက္ခသည်ပေါင်း ၁ သောင်းကျော် ရှိသွားပါပြီ။ ကျန် ၁သောင်းကျော်မှာမူ ကရင်နီအမှတ် ၁ နဲ့ အမှတ်၂ ဒုက္ခသည်စခန်းမှာ ကျန်ရှိနေပါသေးတယ်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ စစ်ရေးပဋိပက္ခကြောင့် စစ်ပြေးဒုက္ခသည် ၁၄၀၀၀၀သောင်းကျော် ရှိနေပါတယ်။ အများစုမှာ သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ အခုနောက်ပိုင်း နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖိနှိပ်ခံရတဲ့သူတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကိုခံကြရတဲ့သူတွေနဲ့ စားဝတ်နေရေး အခက်အခဲတို့ကြောင့် နယ်စပ်ဒုက္ခသည်စခန်းများသို့ ထွက်ပြေးရောက်ရှိလာကြတဲ့ လူသစ်တွေလည်း ရှိနေပါတယ်။
“အခုလောလောဆယ်အထိ ဒုက္ခသည်ကို ရောက်လာတဲ့သူတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ရှေ့ဆက်ပြီး အခက်အခဲ ခံပြီး ခက်ခက်ခဲခဲ ရောက်လာတဲ့ လူထုတွေကို ဆက်လက်ပြီး လက်ခံသင့်သလား မသင့်ဘူးလား အခုလည်း လာနေတယ်။ မနက်ဖြန်သဘက်ခါလည်း ဆက်လာဖို့ ရှိနေတယ်။ လာပါလို့လည်း ကျနော်တို့ မဖိတ် ခေါ်ပါဘူး။ ဒါပေမယ့် အခက်အခဲ ခံပြီး ရောက်လာသူတွေကိုတော့ လက်ခံပေးဖို့ ထပ်ဖြည့်ပြောချင်ပါတယ်” လို့ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းကော်မီတီ ဥက္ကဌ ခူးအီရယ်က ပြောပါတယ်။
ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ ခိုလှုံနေထိုင်ကြတဲ့အတွက် ထိုင်းနိုင်ငံအဖို့ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်နေပါတယ်။ မြန်မာပြည်မှာလည်း အစိုးရအသစ်တက်လာပြီဖြစ်တဲ့အတွက် ထိုင်းအစိုးရအနေနဲ့လည်း ဒုက္ခသည်တွေ နေရပ်သို့ပြန်ပို့ဖို့ ကိစ္စတွေ စတင်စဉ်းစားလာကြရတာပါ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ထိုင်းအစိုးရအဖြင့် မုန်း တိုင်းရင်းသားဒုက္ခသည် ၄ထောင်ကို လာအိုနိုင်ငံသို့ ပြန်ပို့ခဲ့ဖူးတယ်။
ဒါပေမဲ့ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေကို မုန်းဒုက္ခသည်တွေနဲ့ နှိုင်းယှဉ်ဖို့ ခက်ခဲနိုင်ပါတယ်။ မြန်မာအစိုးရသစ် ဟာ ယခင် စစ်အစိုးရလက်ထက်က ချမှတ်ထားတဲ့ ဥပဒေတွေကို ဆက်လက်ကိုင်စွဲတဲ့အတွက် သူပုန်လို့စွပ်စွဲခံရတဲ့ နယ်စပ်ကဒုက္ခသည်တွေ နေရပ်ကိုအတင်းအဓမ္မပြန်ပို့ခြင်းခံရပါက ဖိနိပ်ချုပ်ချယ်မှုကိုဆက်ခံကြရမှာဖြစ်တယ်။ ဒါ့အပြင် ယခုအာဏာရဝန်ကြီးတွေကလည်း ယခင်စစ်အစိုးရလက်ထက်က ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ဒုက္ခသည် တွေအနေနဲ့ ယုံကြည်စိတ်ချဖို့ ခက်ခဲနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒုက္ခသည်များ အနေနဲ့ မိမိဆန္ဒအလျောက် ပြန်ချင်သူများမှလွဲလို့ ကျန်လူများကို ပြည်တွင်းရေး ပုံမှန်အခြေအနေ ပြန်မရောက်မချင်း ဆက်လက်ထားရှိသွားမှာဖြစ်ပြီး လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုများကို UNHCR အနေဖြင့် ဆက်လက်တာဝန်ယူသွားနိုင်ရေးအတွက် ဒုက္ခသည်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြချက်များကို အမှုဆောင်ကိုယ်စားလှယ်များနဲ့ အမတ်တွေ အနေနဲ့ Geneva မှာပြန်လည်ဆွေးနွေးမှာဖြစ်ပြီးမြန်မာပြည်အခြေအနေ ကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။



