ကရင်နီပြည်က စစ်မှုထမ်းကိစ္စ အတည်ပြုထားသည့် ဥပဒေအရဟုဆို

ကရင်နီပြည်က စစ်မှုထမ်းကိစ္စ အတည်ပြုထားသည့် ဥပဒေအရဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ဖရူဆိုမြို့နယ်တွင် တစ်ရွာနှစ်ယောက် စစ်မှုထမ်းရန် အသက် ၁၈ အထက်လူငယ်များအား ကရင်နီတပ်မတော်မှနာမည်စာရင်းကောက်ခံလျက် ရှိပြီး ထိုလုပ်ရပ်သည် အတည်ပြုထားသည့်ဥပဒေ အရဖြစ်သည်ဟု ကရင်နီတပ်မတော်က ဆိုသည်။

“ဥပဒေမှာ ထုတ်ပြီးသားပဲ။ သူများ လက်တွေ့ မလုပ်ဘူး။ (၃) နှစ်တောင် စစ်မှုထမ်း လုပ်ရမယ်။ ထုတ်ထားပြီး သားပဲ။ ကွန်ဂရက်မှာ သူများအတည်ပြုထားပြီးတော့မှ အဲဒီမှာ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြန်ပြီးတော့မှ လေ့လာဖို့။ လက်တွေ့ အကောင်အထည် မဖော်သေးလို့။ ၄၊ ၅၊ ၆ နှစ်၊ နှစ် ၂၀ တောင် သူများ မလုပ်ဘူး” ဟု ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြက ပြောသည်။

karennisoldiersinfrontlineအသက် ၁၈ နှစ်အထက်ရှိသူများ ကရင်နီတပ်မတော် ထဲသို့ စစ်မှု ၃ နှစ်သက်တမ်း ထမ်းဆောင်ရန်ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီမှအတည် ပြုထားသည့် ဥပဒေသည် နှစ်ပေါင်း ၂၀ ကျော်သွား ခဲ့ပြီ ဖြစ်သော်လည်းလက်တွေ့အကောင်အထည်ဖေါ် ရာ၌ အတည်ပြုထားသည့် ဥပဒေထက်လျော့ပေါ့ပြီး လုပ်ဆောင် နေရသည်ဟု ဗိုလ်ချုပ်အောင်မြကပြော သည်။

“အသက် (၁၈) နှစ် ဥပဒေမှာ အသက် (၁၈) နှစ်ဆိုရင် စစ်မှုထမ်း (၃) နှစ် လုပ်ရမယ်။ ဥပဒေမှာ ရှိတယ်။ ယောကျင်္ား မှန်သမျှ အသက် (၁၈) နှစ်။” ဆက်လက်ပြီးသူက “တစ်ရွာမှာ (၁၀) ယောက်လောက် စစ်မှုထားဖို့တော့ ကောင်းတာပေါ့။ ကိုယ့်တိုင်ပြည်အတွက်ပဲ ဗမာကို တိုက်တာပဲ။ တစ်ရွာ တစ်ယောက်ဆို နည်းသေးတယ်ပေါ့။ ကိုယ့်ရပ်ရွာ ကာကွယ်ဖို့ပဲ။ သူခိုးဒါးပြတွေ တအားပေါတယ်ကော။”

ယခုလက်ရှိ ကရင်နီတပ်မှ တစ်ရွာ နှစ်ယောက် ကရင်နီတပ်မတော်ထဲသို့  စစ်မှုထမ်းဆောင်ရန် မဲနှိုက်သည့်ပုံစံဖြင့် လုပ်ဆောင်လျက်ရှိနေပြီး ထိုလုပ်ရပ်သည် စစ်မှုထမ်းဆောင်ရန် ဆန္ဒမပါသည့်သူများ မဲပေါက်နိုင်သည့်အတွက် အတင်းအဓမ္မ စစ်ထဲမဝင်မနေရဆိုသည့် ပုံစံမျိုးသက်ရောက်နေဟု ကြံ့ဖွံ့ပါတီက ဆိုသည်။

“လောလောဆယ် နာမည်စာရင်းပေးထားတဲ့ ညားရယ်၊ ဖဲဘူး၊ ဒေါလောခူမှ ပရေးရယ်၊ ဆော်ရယ်တို့လာမခေါ် သွားဖို့ မေတ္တာရပ်ခံချင်တယ်။ စည်းရုံးရေးဆို စည်းရုံးရေးနဲ့တူရမယ်ပေါ့။ အခုဟာကပြန်ထွက်လို့ မရတော့ဘူးလို့ ခြိမ်းခြောက်တယ်။ မိဘတွေ ငိုကြတယ်။ ညီအစ်ကိုမောင်နှမတွေ ၀ုိင်းငိုကြတယ်ရွာမှာ” ဟု ကရင်နီပြည်မှ ကြံ့ဖွံ့ပါတီဝင်တစ်ဦးက ပြောသည်။

ကရင်နီတပ်မှ ဖရူဆိုမြို့နယ် လောခုခူ၊ ဒေါလောခူ၊ လောချာ၊ ကေးလျား၊ ထိးဘျားညေ၊ ခိုးသာမောနှင့်မာဖရိုရှေ့ ကျေးရွာတို့တွင် မဲနိုက်ခြင်းပုံစံဖြင့် လုပ်ဆောင်လျက်ရှိသည်။

“ဘယ်သူမှ မဝင်ချင်တော့ မဲနှိုက်ခိုင်းတယ်။ မဲပေါက်တဲ့လူ ၀င်ရမယ်။သူတို့စိတ်လုံးဝမကောင်းဘူး။ လောလော ဆယ် ကေးလျားတစ်ရွာက ၁၀ ယောက်ဝင်ရမယ်။ လူဦးရေအရပေါ့။ မာဖရိုရှေ့က အနည်းဆုံးနှစ်ယောက် ဒေါလောခူက ၂ ယောက်မဲပေါက်တယ်။ ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးလို့မရဘူးလား၊ စည်းရုံး၊ ၀င်ချင်တဲ့သူဝင်ပေါ့၊ အတင်းအကြပ်တော့ မကောင်းပါဘူး။ ရှေ့တန်းမှာ တစ်မျိုးလုပ်တယ်ထင်တယ်။ ယခုကအတင်းအကြပ်ဖြစ်နေ တယ်။ အတင်းအကြပ်မဟုတ်ဘူးဆိုတာ စာထွက်နိုင်ရင်ကောင်းတာပေါ့”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ယခုလက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှ မဲပေါက်သူများ၏ နာမည်စရင်းများရရှိထားပြီဖြစ်ပြီး စာရင်းပါသူများကို ယခုမေလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ကရင်နီတပ်မတော်ထံသို့ ၀င်ရမည်ဟု သိရသည်။ ဒီးမော့ဆို၊လွိုင်ကော် နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြန်မာအစိုးရတပ်မှလည်း အသက်ပြည့်သောလူငယ်များ အား စစ်ထဲဝင်ရန် ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့ကစပြီး နာမည်စာရင်းများလိုက်လံကောက်ယူ နေကြောင်းဒေသခံလူငယ် တို့၏ ပြောပြချက်အရ သိရသည်။

စစ်အစိုးရက ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းစာ ပြင်ပသို့ မကြာသေးခင်က ပေါက်ကြား ခဲ့သည်။

Most read this week