စစ်တပ်မှ ရွာသားများကို ၀ါးများ တောင်းခံ

စစ်တပ်မှ ရွာသားများကို ၀ါးများ တောင်းခံ
by -
အောလို

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့၌အခြေစိုက်ထား သော စစ်အစိုးရတပ် ခမရ ၁၀၂ သည် ၎င်းတို့ တပ်စခန်းနှင့် စိုက်ပျိုးရေး ခြံများအသုံးပြုရန် အတွက် ဒီးမော့ဆိုမြို့နယ်ရှိထီးဖိုးကလိုးကျေးရွာ အုပ်စုကို ၀ါးများတောင်းခံ ထားကြောင်းသိရ သည်။

ထိုစစ်အစိုးရတပ်သည် ဧပြီလ ၂၈ ရက်နေ့က ထီးဖိုးကလိုးကျေးရွာအုပ်စုရှိကျေးရွာအုပ်စုဥက္ကဌနှင့်ကျေးရွာ ဥက္ကဌ တို့ကို အစည်းအဝေး ခေါ်ယူခဲ့ပြီး ၁၀ ပေရှိ ၀ါးကို တစ်ရွာလျှင် ၃၀ ချောင်း ခုတ်ယူခိုင်းကာ ဧပြီလ ၃၀ ရက်နေ့တွင် တပ်စခန်းသို့ အရောက်လာပို့ခိုင်းခြင်း ဖြစ်သည်ဟု ကရင်နီဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ခူဒယ်နီယာက ပြောသည်။
a_village_milldle

“ရွာသားတွေက ၀ါးမပေးရင် မရဘူး။ မပေးရင် စစ်တပ်တို့ကို ပိုက်ဆံ ပေးရမယ်လေ။ ခါတိုင်းက ရွာသားတွေ ၀ါးမပေးရင် စစ်တပ်က ကျေးရွာအုပ်စုဥက္ကဌကို ပိုက်ဆံ တောင်းတယ် အဲလိုလုပ်တယ်။ နောက်ပြီးအုပ်စု ဥက္ကဌက ကျေးရွာဥက္ကဌတွေနဲ့ ရွာသားတွေကို ပိုက်ဆံ တခါ ပြန်တောင်းရတယ် အဲလိုလုပ်တယ်” ဟု ၎င်းက ပြောသည်။

ဒီးမော့ဆိုမြို့မှ ဒေသခံတဦးက “စစ်တပ်တွေက သူတို့ တောင်းထားတဲ့ ၀ါးတွေကို စိုက်ပျိုးရေး ခြံနဲ့တချို့လုပ် တယ်။ သူတို့ တပ်စခန်းမှာ စားဖို့ အသီးအနှံတွေ၊ ပန်းပင်တွေလည်း စိုက်ထားတယ်လေ။ နောက်ပြီး သူတို့ ကျင်းတွေလေ အဲဒီအပေါ်မှာ မြေကြီးတွေနဲ့ ဖုံးထားတယ်။ ၀ါးတွေနဲ့လည်း လုပ်ထားတယ်” ဟု ပြောပါသည်။

ဒီးမော့ဆိုမြို့၌ အခြေစိုက်ထားသော ထိုစစ်အစိုးရတပ်သည် ယခင်နှစ်များကလည်းထီးဖိုးကလိုးကျေးရွာအုပ်စု ကို တပ်စခန်းအတွက် သစ်များနှင့် ၀ါးများကို တောင်ခံခဲ့ဖူးကြောင်း သိရသည်။

ထီးဖိုးကလိုးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၀ ရွာ ရှိပြီး ၎င်းကျေးရွာတို့မှာ ဒေါကူလီ၊ ဒေါတဒါး၊ ဒေါဘျာကူး၊ ဒေါးစေး၊ ထီးဖိုးကလိုး၊ ထီစဲကလိုး၊ ဒေါကူစေး၊ ထျေးလျား၊ ဒေါးလျခူနှင့် ဒေါလောခူတို့ ဖြစ်ကြောင်း သိရသည်။

Most read this week