ကယားပြည်နယ် အစိုးရ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးတောရယ်က ဒီးမော့ဆိုမြို့ရှိ ထရန် စဖော်မာ (transformer) တစ်လုံးကို ဖြုတ်ယူပြီး ပုဂ္ဂိုလ်ရေးအတွက် သုံးစွဲခဲ့ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုသည်။
ဦးတောရယ်က ယင်းထရန်စဖော်မာကို ဒေါလျားလီ ကျေးရွာတွင် ကျင်းပခဲ့သည့် ၎င်း၏ ဆွေမျိုးသားချင်းများ ရှင်ပြုပွဲ တစ်ခုတွင် အသုံးပြုခဲ့ကြောင်း၊ ထို့အတွက် သင်္ကြန် (၃) ရက်တာ ကာလအတွင်း ရူးဖယ်ခူနှင့် စည်ပင်သာယာ ရပ်ကွက် (၂) ခုတွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ငါတို့ ရပ်ကွက်က ထရန်စဖော်မာကို ညအချိန် လာသယ်သွားတယ်။ ပြန်လာတပ်တော့လည်း ညအချိန်လောက်မှာ ပြန်လာတပ်တယ်။ အဲဒီဟာကို ဒေါလျားလီရွာကို သယ်သွားခဲ့တယ်။ သူတို့ကတော့ လျှပ်စစ်ရုံးနဲ့ ဘယ်လို နားလည်မှုတွေ လုပ်ထားမလဲတော့ ဘယ်သိမလဲ” ဟု ၎င်းက ပြောသည်။
၎င်းထရန်စဖော်မာသည် ဒီးမော့ဆိုမြို့ ရူးဖယ်ခူနှင့် စည်ပင်သာယာ ရပ်ကွက် နှစ်ခုလုံးအတွက် လျှပ်စစ်မီး ပေးပို့ရာတွင် အသုံးပြုပြီး ပြည်သူလူထု၏ ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။
“ကျမတို့ ရပ်ကွက် အိမ်တိုင်းကနေ ပိုက်ဆံတွေ ကောက်ခံပြီးတော့ အဲဒီပိုက်ဆံတွေနဲ့ လျှပ်စစ်ရုံးက ဆောက်ပေး ခဲ့ပါတယ်” ဟု ဒီးမော့ဆိုမြို့ စည်ပင်သာယာ ရပ်ကွက်မှ အသက် (၅၀) ရွယ်ရှိ အမျိုးသား တစ်ဦးက ပြောသည်။
ဤသတင်းနှင့် ပတ်သက်၍ ဒီးမော့ဆိုမြို့ လျှပ်စစ်ရုံးကို ဆက်သွယ်ခဲ့သော်လည်း တာဝန်ရှိသူများနှင့် အဆက်အသွယ် မရသေးပေ။
ဦးတောရယ်သည် ယခင်က ဒီးမော့ဆို မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတွင် ဥက္ကဌ အနေဖြင့် တာဝန်ထမ်းဆောင် ခဲ့စဉ်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် ကိုယ်ကျိုးစီးပွားကိုသာ အဓိက လုပ်ဆောင်ခဲ့သူ ဖြစ်သည်ဟု ဒေသခံများအကြား ပြောဆိုကြသည်။
ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် (၁) တွင် ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်လွှတ်တော်အတွက် အနိုင်ရခဲ့သည့် ဦးတောရယ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကယန်းအမျိုးသားပါတီတို့နှင့် ယှဉ်ပြိုင်ရာတွင်လည်း ကြိုတင်မဲများဖြင့် အနိုင်ယူခဲ့ကြောင်း စွပ်စွဲချက်များ ပေါ်ထွက်ခဲ့ဖူးသည်။



