ကယန်း အမျိုးသားနေ့ ပြည်တွင်း ပြည်ပ ကျင်းပ

ကယန်း အမျိုးသားနေ့ ပြည်တွင်း ပြည်ပ ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ကယန်း လူမျိုးစုဝင်များ အားလုံးတွေ့ဆုံကြ သော ကယန်းအမျိုးသားနေ့ ပွဲတော်ကို ယမန်နေ့ ဧပြီလ (၁၀)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ သည်။

ပွဲတော်ကို ဦးဆောင် ကျင်းပလျက်ရှိသော ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးလောရင်းက “ကယန်းဘာသာစကား၊ စာပေကို ထိန်းသိမ်းဖို့ နဲ့ ကယန်း ယဉ်ကျေးမှုတို့ကို မပပျောက်အောင်။မြင့်တင် ပေးဖို့။ ကယန်းတို့ရဲ့ ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းဖို့ နောက်ပြီး လူငယ်တွေကို လက်ဆင့် ကမ်းနိုင်ဖို့ အဓိက ဆောင်ရွက်ရ ခြင်းဖြစ်တယ်” ဟု ပြောသည်။

kayandayကယန်းပဒေါင်၊ ယင်းဘော် ခေါ် ကယန်းကငံ၊ ကေခိုကေဘား ခေါ် ကယန်းကေခိုနှင့် ဇယိမ်း ခေ(ကယန်း လထာ) စသည့် ကယန်းမျိုးနွယ်စုဝင် လူမျိုး လေးမျိုးက  စုပေါင်းကာ စည်းလုံးညီညွတ်သည့် အနေဖြင့် ကယန်းရိုးရာ အကများ၊ စာပေယဉ်ကျေးမှု နှင့် ဆိုင်သော စာပေ ဟောပြောပွဲများကို  အတူတကွ ကျင်းပသော ပွဲတော်ဖြစ်သည်။

၎င်း ကယန်းမျိုးနွယ်စုများမှာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် တောင်ပေါ်ဒေသ နှင့် မန္တလေးတိုင်းရှိ ပျဉ်းမနားဒေသဘက် တိုင်းနှင့် ပြည်နယ်လေးခုတွင် နေထိုင်လျက်ရှိသည်။ ကယန်းအမျိုး သားနေ့ကို ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် တိကြိတ်ကျေးရွာအုပ်စု၌ ၂၀၀၀ ခုနှစ်အချိန်တွင် ပထမဆုံး ကျင်းပလာခဲ့ရာ ယခုနှစ်သည် (၁၁)ကြိမ် မြောက်ဖြစ်သည်။ နောက်ပိုင်း နှစ်များတွင် တိုင်းနှင့်ပြည်နယ်လေးခု တွင် ပွဲတော်ကို အလှည့်ကျ ကျင်းပခဲ့သည်။

ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီ ဒုက္ခသည် စခန်းအမှတ် (၁)တွင်လည်း သတိရ အောက်မေ့သော အားဖြင့် ပွဲတော်ကို ကျင်းပခဲ့ကြသည်ဟု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဖယ်ခုံမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရသော ကယန်းမျိုးသား ခွန်းမားရ်ကိုဘန်က ပြောသည်။

“ဒီလို နယ်အသီးသီးက လူမျိုးစု လေးစုအားလုံးကို စုစည်းပြီး တစ်ခုတည်းသော ကယန်းစာပေနဲ့ တည်ဆောက် ဖို့့ ဆိုတာ မလွယ်ဘူး။ အခု အားလုံး ကနေပြီးတော့ စုစည်း တွေ့့ဆုံခဲ့ပြီး စာပေတွေကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အဲဒီနေ့ ့ကနေစပြီး ကယန်းအမျိုးသားနေ့့လို့ သတ်မှတ်ဖြစ်တယ်။ ဒါဟာ တကယ်အောင်မြင်မှုဖြစ်တယ်။ ဒါကြောင့် စဉ်လာမပျက် ထိန်းသိမ်းဖို့ ဆောင်ရွက်ကြတယ်။"ပြည်တွင်း တွင် ကယန်းအမျိုးသားနေ့ကို တရားဝင် နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ် ပြုထားခြင်း မရှိသေးကြောင်းလည်း ခွန်းမားရ်ကိုဘန်က ဆက်ပြောသည်။

“တိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့ကို အသိအမှတ်ပြုဖို့ ပြဌာန်းချက်တွေ ဘယ်ထုတ်မလဲ။ ဒီအစိုးရက ဘယ်အသိအမှတ်ပြုမလဲ။ ကိုယ့်ဟာကို ခံယူချက်နဲ့ ညီညီညွတ်ညွတ်နဲ့ လုပ်ကြခြင်းပဲဖြစ်တယ်။ အပြန်အလှန် လေးစား အသိအမှတ်ပြုရင်တော့ တကယ့် ပြည်ထောင်စု စိတ်ဓာတ်ကို တည်ဆောက်နိုင်မယ်။ ဒါမှ စစ်အာဏာရှင်ကို ခြိမ်းခြောက်နိုင်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ထောင်နိုင်မယ်။”

ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးလောရင်းကမူ အမျိုးသားရေး လုပ်ငန်း အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“ဒီပွဲကတော့ အမျိုးသားရေး အတွက်ဆိုတော့ လုပ်ရမှာပဲ။ အဲဒါမှ နှောင်လာနှောင်သား ကိုယ့်သားသမီးကို ဒီအမွေပဲ ပေးနိုင်တယ်လေ။”

Most read this week