ကရင်နီ တိုင်းရင်းသား မျိုးနွယ်စုများ၏ စုပေါင်း ကေ့ထျိုးဘိုး ရိုးရာပွဲတော်ကို ယခုနှစ်တွင်ကယား ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး အခက်ခဲ ဆုံးဟု ဆိုနိုင်သည့် ရှားတောမြို့၌ ကျင်းပရာတွင် ပြည်နယ် အတွင်းမှ ကျေးရွာအချို့က မသွားရောက်နိုင်ပဲ အခက် အခဲ ဖြစ်နေကြသည်။
“အဲဒီဘက်မှာက လိုင်းကားတွေ မရှိတော့ သွားဖို့အရမ်းခက်တယ်။ ကျေးရွာ တိုင်းလိုလို သွားနိုင်မယ် မထင်ဘူး။ ကျမတို့ အခု ကျေးရွာ အုပ်စုတွင်းမှာတော့ (၈) ရွာ ပဲသွားနိုင်တယ်။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံတွေစုပြီး ကားတစ်စီး ငှားပြီး သွားကြမယ်” ဟု ဒီးမော့ဆိုမြို့မှ ဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ကေ့ထျိုးဘိုး ပွဲတော်ကို ကယားပြည်နယ် ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် နှစ်စဉ် အလှည့်ကျ မြို့နယ်၊ ကျေးရွာများအလိုက် ကျင်းပလျက်ရှိသည်။ ယခုနှစ် (၅၃) ကြိမ်မြောက် ပွဲတော်ကို ရှားတောမြို့၌ ကျင်းပရန် အလှည့်ကျလာခြင်း ဖြစ်သည်။ ဧပြီလ (၅) ရက်နေ့ မှ (၈) ရက်နေ့ အထိ ပွဲတော်ကို ကျင်းပသွားမည် ဖြစ်သည်။
စုပေါင်းရိုးရာ ကေ့ထျိုးဘိုး ပွဲတော်သည် ကရင်နီ မျိုးနွယ်စုဝင်များ၏ အထွဋ်အထိပ် ပွဲတော် ဖြစ်သောကြောင့် မိမိရိုးရာပွဲလမ်းသဘင် အစဉ်အလာမပျက် ကြိုးစားပြီး သွားကြသည်ဟု ရိုးရာယဉ်ကျေးမှု သမိုင်းများကို စာတမ်းပြုစုနေသော ဆရာဦးဗျားရယ်က ပြောသည်။
“ကျနော်တို့ ကေ့ထျိုးဘိုး ကျေးရွာအားလုံးက လူထုတွေ တစ်နှစ်တစ်ခါ တွေ့ဆုံ ဆုတောင်းပြီးတော့ အဲဒီလို ကျင်းပခြင်းအားဖြင့် စည်းလုံးညီညွတ်ရေးအတွက် ရင်းနှီးမှုရရှိရေးအတွက် ရည်ရွယ်ပြီး သွားကြတာဖြစ်တယ်။”
ယခင်နှစ်များတွင် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် နှင့် ဖရူးဆိုမြို့နယ်များတွင်သာ အများဆုံး ကျင်းပခဲ့ရာ ကယားပြည်နယ် အတွင်းရှိ ကျေးရွာ အသီးသီးက ပွဲတော်သို့ အလွယ်တကူ သွားလာနိုင်ကြကြောင်း ၊ ယခုနှစ် ရှားတောမြို့တွင် ကျင်းပခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဦးဗျားရယ်က ဆိုသည်။
ယမန်နှစ် ဒီးမော့ဆိုတွင် ကျင်းပသည့် ပွဲတော်သို့ သွားရောက်ခဲ့သော လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာသား တစ်ဦးက “အရင်နှစ် ကန်ခုနှစ်ဆင့် ရွာမှာ လုပ်တုန်းကဆိုရင် ပွဲမှာ လူတွေ အများကြီးနဲ့ အရမ်း စည်ကားတယ်” ဟု ပြောသည်။
ရှားတောမြို့နယ်သည် မအေးချမ်း သေးသည့် နယ်မြေဟုလည်း အစိုးရမှ သတ်မှတ်ထားသောကြောင့် သွားလာသည့် ခရီးသည်များ နည်းပါးကြပြီး လွိုင်ကော်မြို့နှင့် ရှားတောမြို့သို့ သွားလာသော ခရီးသည်တင် လိုင်းကားအဖြစ် ပြေးဆွဲသည့် ကားအစီးရေမှာ တစ်စီး၊ နှစ်စီး သာရှိသည်။



