ကရင်နီဒေသများတွင် ရေရှားပါးမှု ပြဿနာ ကြံုတွေ့နေရ

ကရင်နီဒေသများတွင် ရေရှားပါးမှု ပြဿနာ ကြံုတွေ့နေရ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် မောချီးဒေသဘက်တွင် ယမန်နှစ်များထက် ရေရှားပါးမှု ပြဿနာ ပိုမိုကြုံတွေ့လာနေကြောင်း ဒေသခံများက ပြောကြသည်။ ...

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် မောချီးဒေသဘက်တွင် ယမန်နှစ်များထက် ရေရှားပါးမှု ပြဿနာ ပိုမိုကြုံတွေ့လာနေကြောင်း ဒေသခံများက ပြောကြသည်။

ဝေးလံစွာ ရေသွားခပ်ယူနေကြရသော ကလေးများကို တောင်တက်လမ်းတွင် တွေ့ရစဉ် ဒီးမော့ဆိုမြို့နယ်၌ ဒေါတကလက်၊ ဒေါတခရ စသည့် ရွာများ အပါအဝင် ဒေါဖုကျေးရွာအုပ်စု၊ ဒေါတမကြီး ကျေးရွာအုပ်စုများ၊ ဖရူဆိုမြို့နယ်၌ လော်ခုခူ၊ လောက်ပလဲလျား၊ ကေးလျား စသည့် ကျေးရွာများနှင့် မောချီး ဒေသတွင်းရှိ ပဟောခို၊ နား(မ်)ကူး၊ ကဗွေဒို၊ ယယ်မူပယ် ရွာဒါဂါး ကျေးရွာများတွင် ရေခမ်းခြောက်မှု ပြဿနာကို အဆိုးဆုံး ခံနေကြရခြင်း ဖြစ်သည်။

ယင်းကျေးရွာများမှ ဒေသခံများ အသုံးပြုနေကျ ဖြစ်သည့် ရွာအနီးအနားရှိ ကန်များ၊ စိမ့်စမ်းရေများ ယခင်လမှ စ၍ ခမ်းခြောက်ကုန်ကြောင်း၊ ယခုအခါ အလွန်ဝေးသော ရေထွက်ပေါက်များအထိ သွားရောက်ခပ်ယူရကြောင်း ဒီးမော့ဆိုမြို့နယ် ဒေါမကြီးရွာခံ တစ်ဦးက ပြောသည်။

‘‘ရေသွားခပ်ရတာ အရမ်းဝေးတယ်။ ရွာနဲ့ သုံးမိုင် ဝေးတယ်။ အခု ပူတဲ့ ရာသီမှာ  ရေထွက်ပေါက်တွေမှာလဲ ရေက အမြဲ မရှိနေဘူး။ အဲဒါ ရေရှိတဲ့ ရေထွက်ပေါက်တွေကို လိုက်ရှာရပြန်တယ်။ အချိန် အရမ်းကုန်တယ်’’  ဟု သူက ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းကမူ သစ်တောပြုန်းတီးမှုကြောင့် ကရင်နီပြည်နယ်အတွင်း ရေရှားပါးမှု ပြဿနာများနှင့် ကြံုတွေ့နေရခြင်း ဖြစ်သည်ဟု ဆိုသည်။

သစ်တောများ၊ ၀ါးပင်များသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိန်းသိမ်းပေးကြောင်း၊ ၎င်းတို့၏ အမြစ်များသည် ရေတိုက်စားခြင်းများကို ကာကွယ်ပေးနိုင်ပြီး ပူပြင်းခြောက်သွေ့သော ရာသီမျိုးတွင် ရေလှောင်ကန်ကဲ့သို့  ရေမြေများကို ထိန်းသိမ်း ပေးထားခြင်းကြောင့် သစ်တောများ ပျက်စီးခြင်းသည် ရေခမ်းခြောက်မှု၏ အကြောင်းရင်း တစ်ခု ဖြစ်ကြောင်း ဦးအုန်းက ပြောသည်။

“ရေတွေ မြစ်ဖျားခံတဲ့ တောတောင်တွေက မီးလောင်တယ်။ လူတွေက တောင်ယာ ခုတ်တယ်။ သစ်တွေ ထုတ်တယ်။ အဲဒီတော့ မြေကြီးကို ထိန်းတဲ့ သစ်ပင်တို့၊ ၀ါးပင်တို့၊ ချုံပုတ်တို့၊ မြက်တို့ ဆိုတာတွေ မရှိဘူး။ ရှိတဲ့ဟာကလည်း မီးလောင်တယ်။”

ကရင်နီပြည်နယ်တွင်းရှိ သစ်ကုမ္မဏီများက အလွန်အကျွံ သစ်ခုတ််ယူ ရောင်းချခြင်းသည်လည်း သစ်တောပြုန်းတီး ပျက်စီးမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတခု ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

၁၉၉၄ မတိုင်မှီကာလ၌ ကရင်နီပြည်နယ်တွင် ကယားဖူး ကုမ္မဏီ နှင့် ဦးအောင်သန်းဖော သစ်လုပ်ငန်း ကုမ္ပ္မဏီများက သစ်များ ထုတ်လုပ်ကြပြီး၊ ၁၉၉၅ ခုနှစ်မှ စ၍ စစ်အစိုးရ နှင့် နီးစပ်သည့်ဟု ဆိုသည့် ထူးကုမ္ပဏီနှင့် ကရင်နီပြည် အပစ်ရပ် အဖွဲ့များက သစ်ခုတ်ယူခွင့် ပါမစ်များ ရယူကာ ခုတ်ယူရောင်းချနေကြသည်။

Most read this week