မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ နာမည်ကြီး အဆိုတော်များသည် ကရင်နီပြည်နယ်သို့ ရှိုးပွဲများ လာရောက်ဖျော်ဖြေသည့် အစီအစဉ်ကို အားပေးကြသည့် ပရိတ်သတ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ...
မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ နာမည်ကြီး အဆိုတော်များသည် ကရင်နီပြည်နယ်သို့ ရှိုးပွဲများ လာရောက်ဖျော်ဖြေသည့် အစီအစဉ်ကို အားပေးကြသည့် ပရိတ်သတ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။
နာမည်ကြီး အဆိုတော်များ ဖြစ်သည့် နော်နော်၊ ဟန်ထွန်း၊ ရိန်မိုး၊ သအို၊ ဇော်ပိုင်၊ လင်းလင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သူဝေ၊ ၀ိုင်းစုခိုင်သိန်းနှင့် ချောစုခင်တို့သည် ပြီးခဲ့သည့် ၃ ရက်နေ့တွင် လွိုင်ကော်မြို့သို့ စတင်လာရောက်ဖျော်ဖြေခဲ့ရာ ၉ နေ့ရက်၌ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“မနေ့က ပြီးသွားပြီ။ လာကြည့်တဲ့ သူတွေလည်း ပြည့်လျံနေတာပဲ” ဟု ရှိုးပွဲကို သွားရောက်ကြည့်ရှုခဲ့သည့် လွိုင်ကော်မြို့မှ ဒေသခံတဦးက ပြောသည်။
နာမည်ကြီး အဆိုတော်များမှ ယခု လာရောက်ဖျော်ဖြေခဲ့သည့် ရှိုးပွဲများသည် အားရကျေနပ်စရာ ကောင်းပါသည်ဟု ရှိုးပွဲ ကြည့်ခဲ့သူ လွိုင်ကော်မြို့မှ အခြားဒေသခံတဦးကလည်း ပြောသည်။
သူက “အိုင်စီလောက် ရေပန်း မစားပေမယ့် ဒုတိယတန်းစား အဆိုတော်တွေမိုလို့ အပြန်စားပဲ၊ ပျော်ဖို့ ကောင်းတာပေါ့” ဟု ပြောသည်။
ရှိုးပွဲများကို လွိုင်ကော်မြို့ ကန္ဒာရဝတီ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၀င်ကြေးမှာ တဦးလျှင် ကျပ်ငွေ ၃၀၀၀ ဖြစ်သည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အဆိုတော်များသည် ကရင်နီပြည်နယ်သို့ ရှိုးပွဲများ လာရောက်ပြုလုပ်ခဲ့ရခြင်းမှာ ယခု တက်လာသော မြန်မာစစ်အစိုးရ အစိုးရအသစ်၏ အစီအစဉ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်လ လွိုင်ကော်မြို့၌ ကျင်းပခဲ့သော ကယားဒေး (ခေါ်) ကယားပြည်နယ်နေ့ပွဲတွင် နာမည်ကြီး အဆိုတော် ရဲလင်းနှင့် အဖွဲ့တို့မှ လာရောက်ဖျော်ဖြေခဲ့သည်။ အလားတူ ယခင်နှစ် ကယားဒေးပွဲတွင်လည်း နာမည်ကြီး အဆိုတော် လေးဖြူနှင့် (Iron Cross) အိုင်စီ အဖွဲ့တို့မှ လာရောက်ဖျော်ဖြေခဲ့သည်။



