ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲဒေသတွင် အပစ်ရပ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ ဒု-ဥက္ကဌ ဦးထွန်းကျော် ဦးဆောင်ပြီး ကားလမ်း ဖောက်လုပ်ပေးနေ ...
ကရင်နီပြည်နယ် ဘောလခဲမြို့နယ် နန်းဖဲဒေသတွင် အပစ်ရပ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)မှ ဒု-ဥက္ကဌ ဦးထွန်းကျော် ဦးဆောင်ပြီး ကားလမ်း ဖောက်လုပ်ပေးနေကြောင်း သိရသည်။
ဦးထွန်းကျော် ဦးဆောင်ဖောက်လုပ်သည့် ၎င်းကားလမ်းသည် ၃ နှစ် စီမံကိန်း ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးအတွက်ဟု ဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စတင်လုပ်ဆောင်သည်ဟု ကလလတနှင့် နီးစပ်သူ တဦးက ပြောသည်။
၎င်းက “သူတို့က နှစ်လမ်း သွားတာ။ ရွာလမ်း ဖောက်တယ်။ ရွာထဲမှာ မြေညှိပေးတယ်” ဟု ပြောသည်။
ယခုလို နန်းဖဲဒေသရှိ ကျေးရွာများအတွက် လမ်းများ ကောင်းမွန်အောင် ဖောက်လုပ်ပေးသည့်အတွက် ရွာသူ၊သားများ အနေဖြင့် ၀မ်းသာနေကြကြောင်း လမ်းဖောက်ရာတွင် ပါ၀င်လုပ်ကိုင်နေသူ နန်းဖဲဒေသမှ ရွာသားတဦးက ပြောသည်။
“သူတို့ ရွာလမ်း လာဖောက်ပေးတာ ရွာသားလည်း ကူညီတယ်လေ။ ရွာတချို့ပေါ့ ၀က်တွေ နွားတွေတောင် သတ်ပေးတယ်။ သူတို့ ပျော်လို့လေ” ဟု သူက ပြောပါသည်။
ကလလတသည် နန်းဖဲဒေသ၌ လမ်းများ ဖောက်လုပ်ခြင်းသည် ၎င်းတို့ စီးပွားရေး ဆောင်ရွက်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ပြောရေးဆိုခွင့်ရှိသူ စောခဲရိုက ပြောသည်။
“ကျနော် ကြားရသလောက် သူတို့ သစ်ထုတ်တယ်လေ။ အဲမှာ သူတို့ သစ်ထုတ်တယ်။ လူထုအတွက်ကတော့ သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေးတော့ ကောင်းသွားတာပေါ့” ဟု ပြောသည်။
ကလလတသည် နန်းဖဲဒေသရှိ ကလီးလျား၊ ဒေါလာစော၊ ကလော်ဒို၊ တော်ခူ၊ ကရော၊ ဘေသဟာရီ၊ ဂျာလကွာနှင့် နန်းခွီးခို စသည့် ကျေးရွာများအပြင် ကျေးရွာပေါင်း ၁၈ ရွာအား လမ်းများ ဖောက်လုပ်ပေးနေခြင်း ဖြစ်သည်ဟု ကလလတနှင့် နီးစပ်သူက ဆက်ပြောသည်။
ကလလတသည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။



