အိပ်ပျော်ရင်း တန်းလန်း အလုပ်ရှင် ထိုင်းနိုင်ငံသား ညီအစ်ကို ၂ ယောက်၏ ဓားဖြင့် ၀င်ရောက်ထိုးခြင်း၊ ခုတ်ခြင်း ခံရသည်ဟု အသက်မသေပဲ လွတ်မြောက်လာခဲ့သည့် ကရင်နီလူမျိုး သျှားရယ် (ခေါ်) အနဲ အားဘိုက ပြော ...
အိပ်ပျော်ရင်း တန်းလန်း အလုပ်ရှင် ထိုင်းနိုင်ငံသား ညီအစ်ကို ၂ ယောက်၏ ဓားဖြင့် ၀င်ရောက်ထိုးခြင်း၊ ခုတ်ခြင်း ခံရသည်ဟု အသက်မသေပဲ လွတ်မြောက်လာခဲ့သည့် ကရင်နီလူမျိုး သျှားရယ် (ခေါ်) အနဲ အားဘိုက ပြောပါသည်။
“ကျနော်အပြင်ကို မရရအောင် ပြေးထွက်ပြီး ကူညီကြပါအုံး၊ ကူညီကြပါအုံးလို့ ကျနော် ထွက်အော်ရင်းနဲ့ပေါ့နော် ကျနော် ထွက်ပြေးသွားတယ်”
ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေါဥခူကျေးရွာနေ ဒေးဗစ်အသက်(၂၁)နှင့် ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာနေ သျှားရယ်(၂၄)နှစ်တို့ သူငယ်ချင်းနှစ်ဦးသည် ချင်းမိုင် စံကမ်ဖျဲန်း မြို့နယ်ရှိ ၀က်ခေါက်ကြော် သည့်အလုပ်တွင် ၀င်ရောက်လုပ်ကိုင်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၃ လဝန်းကျင်ခန့်က လုပ်အားခ မရ၍ အလုပ်မှ ထွက်လိုက်သော်လည်း အလုပ်ရှင်မှ လုပ်အားခ ပေးမည် ပြန်လာခဲ့ဟု ခေါ်ဆို၍ လုပ်အားခ ပြန်လည်ရလိုရငှား လိုက်သွားရာမှ ၂ ပတ်ဝန်းကျင်ခန့် နေထိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်တွင် အသတ်ခံလိုက်ရပါသည်။
“အဲဒီညက လျှောက်လည်မယ်လို့ ပြောကြတယ်။ ကျနော့်အဖော်က လျှောက်လည်တော့ ကျနော်မသွားဘူးပေါ့နော်။ ခါတိုင်းဆိုရင်တော့ ကျနော်က မအိပ်ဘူး။ အဲဒီညက ကျနော်အစောကြီးအိပ်ခါကြတော့ သူတို့အပြင်ကနေ သွားလည်ပြီး ပြန်လာတော့ သူတို့ဘာတွေ ဖြစ်လာကြလဲမသိဘူး။ သူငယ်ချင်းတယောက်သေသွားလဲ ကျနော်မသိဘူး”
သေဆုံးသွားသူ ဒေးဗစ် နှင့် အလုပ်ရှင်သူဌေးသား ညီအစ်ကို ၂ ယောက်မှာ လုပ်အားခ ပြဿနာကြောင့် မကြာခဏ စကားများလေ့ ရှိသည်ဟု ဆက်လက်ပြောသွားပါသည်။
“ကျနော်သူငယ်ချင်း သေသွားတဲ့တယောက်နဲ့ ရန်ဖြစ်ပြီး စိတ်မထိန်းနိုင်လို့ သတ်လိုက်ပြီးတော့မှ ကျနော်ကိုပါ လာသတ်တယ်လို့ပဲ ထင်တယ်လေ။ အဲဒီညီအစ်ကို ၂ ယောက် နာမည်က အရိတ်နဲ့ အိုင်ကော့ လို့ခေါ်တယ်”
တင်ပါး၊ လည်ပင်း၊ ဗိုက် စသည့်နေရာများတွင် ဓားဖြင့် အခုတ်ခံရ၊ အထိုးခံရသည့် ဒဏ်ရာများဖြင့် ထွက်ပြေးရာမှ အိမ်နီးနားချင်းများက တွေ့ရှိပြီး ဆေးရုံကားကို ဖုန်းဆက်ခေါ်ပေးသည်ဟု ကက်သလစ် သာသနာ ဖွ့ံဖြိုးတိုးတက်ရေး အဖွဲ့က ပြောသည်။
ယခုအချိန်တွင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး သက်သာစပြုလာသော်လည်း လည်ပင်းတွင် ဓားခုတ်ခံရသဖြင့် စကားသိပ်ပြောနိုင်ခြင်းမရှိပေ။
“သူ့အမှုကတော့ သူနေပြန်ကောင်းလာပြီး အဲဒီသေသွားတဲ့တယောက် အတွက်ရော LAC (ဥပဒေအထောက်အကူပြုဌာန) ရုံးကို အကူအညီ တောင်းထားတယ်” ဟု ကက်သလစ်သာသနာ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ ဆရာမ မာဂရက်က ပြောသွားပါသည်။
၎င်းအမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ထိုင်းရဲများက စုံစမ်းစစ်ဆေးနေဆဲပင် ဖြစ်သည်။
ထိုင်းနိုင်ငံတွင်း ၂ သန်းခန့်ရှိသော ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားသည် ထိုင်းကုန်ထုတ်လုပ်မှု ကဏ္ဍ၏ ၉ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းထိရှိနေပြီး ရွှေ့ပြောင်း အလုပ်သမားများသည် (3D) ခေါ် (Dangerous) အန္တရာယ်များခြင်း၊ (Dirty) သန့်ရှင်းစင်ကြယ်မှု မရှိခြင်း၊ (Demanding) တောင်းဆိုမှုများသည့် အလုပ်များ လုပ်ကိုင်နေကြရသည်။
“ကျမတို့ ဒီရွေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုပဲဖြစ်ဖြစ် အသတ်ခံရသည်ဖြစ်စေ၊ လုပ်အားခမမှန်သည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ၊ အမြဲတမ်းခွဲခြားပြီး ဆက်ဆံနေတာကို သူတို့ကခံရတယ်လေ။ ဒီထိုင်းနိုင်ငံမှာက သူတို့ဘယ်လိုပဲ ပြောပြော လူတယောက်လို့ သူတို့ကိုယ်သူတို့ သတ်မှတ်လို့မရတဲ့ အနေအထားမှာရှိတော့ အဲဒါတော့ တော်တော်လေး ၀မ်းနည်းစရာကောင်းတာပေါ့” ဟု ဆရာမ မာဂရက်က ပြောပါသည်။
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိန်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ထိုင်းအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ ထိုင်းအလုပ်သမား သွေးစည်း ညီညွတ်ရေး ကော်မတီနှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တို့ ပူးတွဲ၍ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် လက်မှတ်မရှိသေးသော ရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လုပ်ပေးရန် တောင်းဆိုထားပါသည်။



