ကရင်နီပြည် မဲရုံတွင် ယမန်နေ့က လူနည်း၊ နေရာဒေသ အများအပြား ကြိုတင်မဲကြောင့်ဟုဆို

ကရင်နီပြည် မဲရုံတွင် ယမန်နေ့က လူနည်း၊ နေရာဒေသ အများအပြား ကြိုတင်မဲကြောင့်ဟုဆို
by -
ဒေလီထက်

ကရင်နီပြည်ရှိ နေရာဒေသ အများအပြားတွင် ယခင်ပတ်ကတည်းက ကြိုတင်မဲ ထည့်ပြီး၍ ယမန်နေ့ မဲထည့်သည့် နေ့တွင် မဲရုံသို့ မဲသွားပေးသူ မရှိသလောက် နည်းပါးနေ ...

ကရင်နီပြည်ရှိ နေရာဒေသ အများအပြားတွင် ယခင်ပတ်ကတည်းက ကြိုတင်မဲ ထည့်ပြီး၍ ယမန်နေ့ မဲထည့်သည့် နေ့တွင် မဲရုံသို့ မဲသွားပေးသူ မရှိသလောက် နည်းပါးနေသည်ဟု လွိုင်ကော် ဒေသခံများက ပြောသည်။

“မဲပေးဖို့ ရန်ကုန်မှာ သွားပြီး အလုပ်လုပ်နေတဲ့ သားနဲ့ သမီးတွေ တကူးတက ပြန်လာတယ်လေ။ အဲဒါ မဲပြားသွားတောင်းတော့ ကြိုတမဲ ထည့်ပြီးသားပဲလို့ ပြောတယ်။ အဲဒါကြောင့် ကျမ တယောက်ပဲ မဲသွားထည့်ရတယ်” ဟု နောင်ယား ဒေသခံတဦးက ပြောပါသည်။

လွိုင်ကော်မြို့ အတွင်းပိုင်းကျသည့် နောင်ယား (က) ရပ်ကွက် ၃၊ မင်္ဂလာရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် ဖာတီမာ၊ ဒေါတမကြီး၊ ဒေါဖု၊ ထီးဖိုးကလို၊ ကေးလျား၊ တီးလုံ၊ ထီးစဲခါ၊ လွယ်လင်လေး စသည့် ကျေးရွာအုပ်စုမှ အိမ်ထောင်စုစာရင်များ ကောက်ပြီး ကြိုတင်မဲ ထည့်ပေးထားပြီး ဖြစ်သည်။

“ဟိုအဖွဲ့ ဒီအဖွဲ့နဲ့ ရှုတ်ယှက်ခတ်နေတယ်။ တိုက်ပွဲသံ ကြားတာရယ်။ အဲဒါမဲရုံကို မသွားချင်ဘူး။ ကြိုတင်မဲ ပေးလိုက်တယ်။ ရပ်ကွက်ထဲက ကျောင်းဆရာ မတယောက်ရဲ့ အိမ်မှာ အဲဒီမှာ စာရွက်သုံးရွက် ပေးတယ်။ သုံးခုလုံးပဲ အမှတ်ခြစ်ပေးလိုက်တာ။ ကျမတို့ ဘာပေးမလဲဆိုတာ သူတို့ သိတာကို” ဟု နောင်ယား (က) ဒေသခံတဦးက ပြောသည်။

မင်္ဂလာရပ်ကွက်နေ ဒေသခံတဦးကလည်း “ဘယ်ပါတီ ဘယ်သိမှာတုန်း၊ အဲဒါသိခွင့် ရှိလို့လာ။ ဘာမှ မခြစ်ရဘူး။ သူတို့လာမေးတာ ကိုယ်ခေါင်းညိတ်လိုက်တယ်။ မဲစာရွက်တောင် ဘယ်လိုလဲ မသိဘူး။ ပြီးတော့ သူတို့ ဘာသာ ပြန်ယူသွားတယ်” ဟု ပြောသည်။

တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ ကောက်ခြင်း ဖြစ်ပြီး လူအများကို အသိမပေးပဲ တိတ်တဆိတ် ကြိုတင်မဲ ကောက်သွားခြင်း ဖြစ်သည်။

ထို့အပြင် ဖရူဆိုမြို့နယ်ရှိ မာခရော်ရှေ့ ကျေးရွာတွင်လည်း ကြိုတင်မဲ ကောက်ထားပြီး ဖြစ်၍ မဲထည့်ရန် လူဦးရေ ၃၀ ခန့်သာ ကျန်တော့သည်ဟု ဖရူဆိုဒေသခံ တဦးက ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး ကျေးရွာအုပ်စုမှ ရွာသူကြီး တဦးသာလျှင် ကျေးရွာအုပ်စု၏ အိမ်ထောင်စု စာရင်းများကို ယူဆောင်ပြီး မယကရုံးသို့ သွားရောက်ပေးဆောင်ရပါသည်။

မယကရုံးမှ အသက် ၁၈ နှစ်အထက် အိမ်ထောင်စု စာရင်းများကို ခွဲယူလိုက်သည်ဟု ၎င်းသူကြီးပြောပြသည်ကို ဒီးမော့ဆို ဒေသခံတဦးက ပြန်လည်ပြောပါသည်။

၎င်းက ယမန့်နေ့ကလည်း “တပ်ရင်းမှူး တယောက်က ခေါ်သွားတာ ရွာသူကြီးက ဘာမှ သွားမလုပ်ရဘူး။ မဲရုံနားမှာ ဟိုလည်ဒီလည်နဲ့ ပြန်လာရတယ်။ မဲလည်း ထည့်စရာမ လိုဘူးလို့ ပြောတယ်” ဟု ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသခံများက လူအများ လေးစားရသည့် ကယန်းစာပေယဉ်ကျေးမှုအဖွဲ့မှ ကြံ့ဖွံ့ပါတီက ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင်အရွေးခံသည့် ဦးခင်မောင်နီ  ကြံ့ဖွံ့ပါတီကိုသာ အများစုက မဲထည့်ကြသည်ဟု သတင်းရရှိပါသည်။

ကယန်းဒေသ ဖယ်ခုံမြို့နယ်အတွင်းမှာတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုသာ မဲထည့်ကြပါသည်။

Most read this week