မြန်မာနိုင်ငံတွင် လူအိုတွေများမလာမီ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ရန် အလျင်မြန်လိုအပ်ဟု စစ်တမ်းဆို

မြန်မာနိုင်ငံတွင် လူအိုတွေများမလာမီ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ရန် အလျင်မြန်လိုအပ်ဟု စစ်တမ်းဆို
by -
မဇ္ဈိမ

နောင်လာမည့်လေးနှစ်တွင် မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အိုအချိုးအစားသည် တိုင်းပြည်ဖွံ့ဖြိုးရေးကို အကျပ်အတည်းဖြစ်စေသည်အထိ တိုးပွားလာနိုင်သဖြင့် ၂၀၁၇ ခုနှစ်မတိုင်မီ နိုင်ငံဖွံ့ဖြိုးရေးကို အမြန်လုပ်ရန် လိုနေသည်ဟု စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်ရေးအဖွဲ့ (OECD) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။

ဇူလိုင်လ ၁၈ ရက်က ရန်ကုန်မြို့၌ကျင်းပသည့် မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံ ကနဦးသုံးသပ်ပွဲ အစီရင်ခံစာတွင် OECD က ထုတ်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ၏ လက်ရှိလုပ်သားများမှာ နောင်နှစ် ၂၀ အတွင်း သက်ကြီးရွယ်အိုများဖြစ်လာမည်ဖြစ်သည်” ဟု OECD အစီရင်ခံစာတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပြောင်းလဲခြင်းမရှိပါက ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ပျမ်းမျှဖွံ့ဖြိုးတိုးတက်ရေးနှုန်းမှာ ၆ ရာခိုင်နှုန်းကျော်သာ ရှိမည်ဖြစ်ပြီး မြန်မာအစိုးရက လျာထားသည့် တိုးတက်မှုနှုန်းထက် လျော့နည်းနေမည်ဖြစ်သည်ဟု စမ်းတမ်းကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုကဏ္ဍတွင် အလုပ်အကိုင်များဖန်တီးရန်နှင့် ၀င်ငွေတိုးမြှင့်ရန် လိုအပ်သည်ဟု OECD ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အဖွဲ့စည်းများနှင့်လူ့စွမ်းအား အရင်းအမြစ်များ တည်ဆောက်ရန်လိုအပ်နေပြီး ထိုသို့ဆောင်ရွက်မှသာ တိုင်းပြည်၏ ပေါကြွယ်ဝသော သယံဇာတများ၊ ကောင်းမွန်စွာ လေ့ကျင့်ထားသည့် လုပ်သားအင်အား၊နိုင်ငံတည်နေရာအားသာချက်နှင့် ယဉ်ကျေးမှုအမွေနှစ်များ၏အကျိုးကို အမှန်တကယ် ခံစားရမည်ဖြစ်သည်ဟုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းမှာ မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးရေးမဟာဗျူဟာများ၏ အခြေခံဖြစ်နိုင်သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအား ဆွဲဆောင်ရန်၊ အထူးစီးပွားရေးဇုံ များ ဖန်တီးရန်၊ ပြည်သူပိုင်လုပ်ငန်းများ၏ စွမ်းဆောင်နိုင်မှုကိုမြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်သည်ဟု ထောက်ပြထားသေးသည်။

ယခုအစီရင်ခံစာကို ထုတ်ပြန်သည့် Organisation for Economic Co-operation and Development (OECD) သည် ပြင်သစ်အခြေစိုက်အဖွဲ့အစည်းဖြစ်ပြီး လွန်ခဲ့သော နှစ် ၅၀ ကျော် ကတည်းက ဖွဲ့စည်းထားသည့် နိုင်ငံတကာ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းဖြစ်သည်

Most read this week