မြစ်ကမ်းပြိုဒုက္ခသည်များအတွက် ၀န်ကြီး၏နေရာချထားမှုကို မြို့နယ်မှူး လာရောက်တားမြစ်

မြစ်ကမ်းပြိုဒုက္ခသည်များအတွက် ၀န်ကြီး၏နေရာချထားမှုကို မြို့နယ်မှူး လာရောက်တားမြစ်
by -
မဇ္ဈိမ

မန္တလေးမြို့၊ ဧရာဝတီမြစ်အနောက်ဘက် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော မတ္တရာမြို့နယ် ညောင်ပင်သာကျေးရွာမှ မိသားစုများအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နေရာပေးထားခဲ့ပြီး တစ်လမပြည့်မီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်နေကြောင်း ဒေသခံများက ပြောသည်။

မြစ်ကမ်းပါးပြိုမှုကြောင့် ညောင်ပင်သာကျေးရွာနှင့် မင်းရဲလှကျေးရွာမှ အိမ်ထောင်စု ရ၀ ကျော်အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက လာရောက်ကြည့်ရှုကာ ဇွန်လကုန်ပိုင်းတွင် ကျေးရွာအနီးရှိ ၎င်းတို့ပိုင်ယာမြေများ နေရာချထားပေးခဲ့သည်ဟု ဒေသခံများကဆိုသည်။

“၀န်ကြီးပြောသွားလို့ဆောက်တာပါ။ သူများမြေပေါ် ဆောက်တာမဟုတ်ပါဘူး။ ကိုယ့်ဟာပေါ်အိမ်လေး ဆောက်တာပါ။ ဒီမြေက စိုက်ပျိုးမြေဆိုတာသိပါတယ်။ အဲလိုဆောက်နေချိန်မှာ မင်းရဲလှကျေးရွာအုပ်ချုပ် ရေးမှူးကလာပြီး တားတာပါ။ ပြီးတော့ လယ်ယာမြေဥပဒေအရလည်း အရေးယူမယ်လို့ ပြောပါတယ် ” ဟု မင်းရဲလှရွာသားတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ကျွန်မတို့ ဆောက်နေတာ တိုက်ကြီးတာကြီးမဟုတ်ပါဘူး။ တဲသာသာ အိမ်ဆောက်တာကို တားတာကတော့ မတရားဘူး။ ကျွန်မတို့ကတော့မဖျက်ဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ မင်းရဲလှကျေးရွာအုပ် ချုပ်မှူးကို မဇ္ဈိမကအကြိမ်ကြိမ် ဆက်သွယ်သော်လည်းမရပေ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့မေး မြန်းရာ အဖြစ်အပျက်များအား မသိရှိသေးကြောင်း၊ ကွင်းဆင်း ပြန်လည်ကြည့်ရှုမည်ဖြစ်ကြောင်းတာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယခုတစ်လအတွင်း မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးမြို့နယ်မှ ဆည်တည်ကျေးရွာ၊ ထီးကုန်းကျေးရွာ၊ သာယာဝတီကျေးရွာ၊ ဟင်္သာကျေးရွာနှင့် မတ္တရာမြို့ထဲတွင် သဖန်းကုန်းကျေးရွာနှင့် ညောင်ပင်ကျေးရွာ များရှိ ဒေသခံများသည် ကမ်းပါးပြိုမှုဒဏ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရကြောင်းသိရသည်။

မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်းပြိုမှုများကို ကာကွယ်ရန် တိုင်းဒေသကြီးဝန်ကြီးအစိုးရအဖွဲ့က ကျပ်သိန်း ၂၀,၀၀၀ ကျော်သုံးစွဲမည်ဟု မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ယခင်လထဲတွင် မဇ္ဈိမကိုပြောခဲ့ဖူးသည်။

Most read this week