ညောင်ဦး၌ စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲ၍ မိသားစုဝင် သားအမိ ၃ ဦး အပါအဝင် ၄ ဦး သေဆုံး

ညောင်ဦး၌ စစ်အုပ်စုတပ်က ဒရုန်းဖြင့် ဗုံးကြဲ၍ မိသားစုဝင် သားအမိ ၃ ဦး အပါအဝင် ၄ ဦး သေဆုံး
ညောင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က စစ်အုပ်စုတပ် စစ်ကြောင်းဝင်ရောက် မီးရှို့မှု ကြောင့် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့စဉ်။ / ပုံဟောင်း
ညောင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က စစ်အုပ်စုတပ် စစ်ကြောင်းဝင်ရောက် မီးရှို့မှု ကြောင့် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့စဉ်။ / ပုံဟောင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ဒရုန်းဖြင့် လိုက်လံဗုံးကြဲခဲ့သဖြင့် သားအမိ ၃ ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးလောင်ဖျားမြောက်ရွာခံများက ပြောသည်။

ဖြစ်စဉ်မှာ စဉ့်ကူရွာဘက်မှ အင်အား ၂၀၀ ကျော်ပါ စစ်အုပ်စုတပ်စစ်ကြောင်းသည် ပြည်တော်သာကျေးရွာတွင် ညအိပ်ရပ်နားပြီးနောက် အရှေ့ဘက်နှင့် အနောက်ဘက်သို့ စစ်ကြောင်း ၂ ကြောင်းခွဲ၍ စက်တင်ဘာ ၁၃ ရက်တွင် မြောက်ဘက်သို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

စစ်ကြောင်းထိုးလာစဉ် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လက်နက်ကြီးများဖြင့် အရပ်သားများနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

စစ်ကြောင်းဝင်လာသည့် သတင်းကြောင့် မီးလောင်ဖျားမြောက်ရွာခံများ ဧရာဝတီမြစ်ကမ်းဘက်သို့ ထွက်ပြေး တိမ်းရှောင်စဉ် စစ်အုပ်စုတပ်က နောက်မှ ဒရုန်းဖြင့် လိုက်လံဗုံးကြဲခဲ့သဖြင့် ဈေးသည် ဒေါ်စန်းနွဲ့နှင့် သူမ၏ ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် သမီး ၂ ဦး မိသားစု ၃ ဦးအပါအဝင် မီးလောင်ဖျားရွာမှ ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦးပါ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

အသက် ၄၀ ကျော် အရွယ် မီးလောင်ဖျားရွာခံ အမျိုးသားတစ်ဦးက “စစ်ကြောင်းလာတယ်ဆိုတော့ ကျွန်းဘက် ကို စစ်ရှောင်ပြေးကြတာ။ အဲဒါကို ဒရုန်းနဲ့ လိုက်ကြဲတာ။ အရပ်သား တွေမှန်း သိသိနဲ့၊ ကလေးမလေး ၃ ယောက်ကတော့ နေရာမှာတင် သေတာ။ မစန်းနွဲ့ကတော့ ညနေကျမှ ဆုံးသွားတာ” ဟု ပြောသည်။

အဆိုပါ ဒရုန်းဗုံးကြဲမှုအတွင်း သားအဖ ၂ ဦးလည်း ဗုံးစထိမှန်ခဲ့ရာ ဖခင်ဖြစ်သူ ဦးစန်းလင်းမှာ ဒဏ်ရာအနည်း ငယ် ရရှိခဲ့ပြီး သမီးဖြစ်သူမှာမူ စင်းလုံးချော ထိမှန်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ဖျားမြောက်ရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း “သေသွားတာ မိန်းကလေး တွေ ချည်းပဲ။ အပျိုပေါက် အရွယ်လေးတွေ၊ အရွယ်ကောင်း ကျောင်းသူအရွယ်တွေ၊ နေမယ်ဆို သက်တမ်းစေ့ နေလို့ ရတဲ့ အရွယ်တွေ” ဟု ပြောသည်။

အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် မီးလောင်ဖျားတောင်ရွာ၊ မီးလောင်ဖျားမြောက်ကျေးရွာ၊ ရွာသစ်ကျေး ရွာနှင့် ကြအိုကျွန်းကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကြအိုကျွန်းကျေးရွာတွင် ညအိပ်ရပ်နားခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ကြအိုကျွန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ရပ်နားထားသည့် ရွာခံ တစ်ဦး၏ ဖောကားကို ယူဆောင်ကာ ပါလာသည့် စစ်ကားတစ်စီး၊ တင့်ကားတစ်စီးတို့ဖြင့် စစ်ကြောင်း ဆက်ထိုး လာပြီး ကျောက်ပြင်ကန်ကျေးရွာတွင် စခန်းချကာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ / AA
September 15, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများနှင့်...
September 14, 2026
အရပ်သား အုပ်ချုပ်ရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မည် မဟုတ်ဘဲ လူထုကို အကာအကွယ်...
September 14, 2026
ကချင်ပြည်၊ ရွှေကူနှင့် ဗန်းမော်မြို့နယ်အတွင်း သို့ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများနှင့်...
September 14, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် ပါဝင်သည့် တိုင်းရင်းသား...