ဗလမင်းထင်တံတား စားသောက်ကုန် ပိတ်ထားသည်မှာ တစ်လကျော်လာ၍ စားဝတ်နေရေး ခက်ခဲနေ

ဗလမင်းထင်တံတား စားသောက်ကုန် ပိတ်ထားသည်မှာ တစ်လကျော်လာ၍ စားဝတ်နေရေး ခက်ခဲနေ
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။

ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ပင်ထားသည်မှာ တစ်လကျော်ကြာမြင့်လာ၍ ကုန်သည်များနှင့် ပြည်သူများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

စစ်အုပ်စုခန့် ကချင်ပြည်နယ်အစိုးရက ဗလမင်းထင်တံတားမှ အခြေခံ စားသောက်ကုန်များ တင်ဆောင်လာ သည့် ကုန်ကားများ ဝင်ရောက်ခွင့်ကို ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

တံတားမှ ကုန်ကားများ တိုက်ရိုက် သယ်ယူခွင့် မရတော့သဖြင့် ကုန်ပိုင်ရှင်များသည် စက်လှေများ အသုံးပြုကာ ကုန်ပစ္စည်းများကို အဆင့်ဆင့် လွှဲပြောင်း သယ်ယူနေရသည်။ ထိုသို့ ကားမှ စက်လှေ၊ စက်လှေမှတစ်ဆင့် ပြန်လည် လွှဲပြောင်း သယ်ယူနေရသဖြင့် ကုန်တင်ကုန်ချ လုပ်အားခနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ပိုမို ကုန်ကျလာကြောင်း ဆိုကြသည်။

ကုန်သယ်ယူမှု အခြေအနေကို သိရှိသည့် အမျိုးသားတစ်ဦးက “ဝိုင်းမော်ကနေ မြစ်ကြီးနားကို ကားနဲ့သယ်ဖို့ ဗလမင်းထင်တံတားမှာ မသယ်ခိုင်းတာဟုတ်တယ်။ အကြောင်းပြချက်က ခိုင်ခိုင်မာမာပြောတာလည်းမရှိဘူး ဒီလိုပဲလုပ်နေရင် ပြည်သူတွေပိုခက်ခဲလာလိမ့်ယ်” ဟု ပြောသည်။

စစ်အုပ်စုခန့် ကချင်ပြည် အစိုးရအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ တံတားမှ ကုန်စည်များ တိုက်ရိုက် ဝင်ရောက် ခွင့် ပိတ်ထားရခြင်းမှာ တရုတ်နိုင်ငံမှ ကြက်ဥအတုများ ဝင်ရောက်လာသည်ဆိုသည့် အကြောင်းပြချက်နှင့် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကူးစက်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

သို့သော် ကုန်စည်စီးဆင်းမှုကို ကန့်သတ်ထားသည်မှာ လချီကြာမြင့်လာသဖြင့် သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ် မြင့်တက်လာပြီး အဆိုပါ ကုန်ကျစရိတ်များကို ကုန်သည်များက ကုန်ဈေးနှုန်းအတွင်း ထည့်သွင်း တွက်ချက်နေရသည်။

ကုန်ဈေးနှုန်း မြင့်တက်လာမှုနှင့် ပတ်သက်၍ ဈေးသည်တစ်ဦးက “အခုက တစ်ချို့ စက်လှေနဲ့ သယ်တာတွေ လုပ်နေတယ်။ လုပ်အားခ သယ်ယူခအဆင့်ဆင့်ကုန်တော့ ဒါတွေက ကုန်စျေးနှန်းထဲထည့်တွက်ရမှာပဲလေ” ဟု ပြောသည်။

လတ်တလော မြစ်ကြီးနားမြို့တွင် ဆန်ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ကြက်ဥတစ်လုံးလျှင် ၁,၀၀၀ ကျပ်၊ ငါးတစ်ပိဿာလျှင် ၅၀,၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်အထိ ဈေးနှုန်း အဆမတန် မြင့်တက်နေသည်။

အခြေခံ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာခြင်းမှာ အခြေခံ လူတန်းစား မိသားစုများအတွက် ပိုမို အခက် အခဲ ဖြစ်စေကြောင်း မြစ်ကြီးနား ဒေသခံများက ထောက်ပြကြသည်။

မြစ်ကြီးနား ဒေသခံတစ်ဦးက “ကုန်တွေကို ဒီလိုအဆင့်ဆင့် သယ်ရတော့ အရင်ကထက် ကုန်ကျစရိတ်ပိုများ တယ်။ ကုန်ဈေးတက်လာတော့ ဝယ်စားရတဲ့သူတွေအတွက်လည်း ပိုခက်လာတယ်” ဟု ပြောသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားသည် ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းတစ်ခု ဖြစ်သဖြင့် မြစ်ကြီးနားမြို့တွင်း အခြေခံ စားသောက်ကုန်များ ပုံမှန် ဝင်ရောက်နိုင်ရေးနှင့် ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဗလမင်းထင်တံတားမှ စားသောက်ကုန်များ အမြန်ဆုံး တင်သွင်းခွင့်ပြုရန် ဒေသခံများက လိုလားနေကြသည်။

ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...