ပေါ်တာဆွဲမှု မြင့်တက်ချိန် PDF ရာချီ အလင်းဝင်ဟု စစ်အုပ်စုတပ် ဆက်တိုက် ဝါဒဖြန့်

ပေါ်တာဆွဲမှု မြင့်တက်ချိန် PDF ရာချီ အလင်းဝင်ဟု စစ်အုပ်စုတပ် ဆက်တိုက် ဝါဒဖြန့်

ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက် နေချိန်တွင် PDF များ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ သည်ဟု စစ်အုပ်စု တပ်က ဆက်တိုက် ဝါဒဖြန့်လျက်ရှိသည်။

စစ်အုပ်စု၏ ရက် ၁၀၀ စီမံချက်အရ PDF များကို လက်နက်ချရန် ကမ်းလှမ်းပြီးနောက်ပိုင်း နိုင်ငံတော် နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် ရာနှင့်ချီသည့် PDF တပ်ဖွဲ့ ဝင်များ အလင်းဝင်ရောက်လာကြောင်း စစ်အုပ်စုပိုင် ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် မကြာခဏ ထုတ်ပြန် လေ့ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလ ပထမပတ်အတွင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် အပါအဝင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင် PDF တပ်ဖွဲ့ဝင် ၃၂၂ ဦးအထိ လက် နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း စစ်အုပ်စုက ဖော်ပြသည်။

အလင်းဝင်လာသည့် PDF အများစုမှာ အတင်းအဓမ္မ စုဆောင်းခံရသူများ ဖြစ်ပြီး အကြမ်းဖက် လုပ်ရပ် များကို လက်မခံနိုင်တော့ခြင်း၊ အဖွဲ့အတွင်း အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက် သတ် ဖြတ်ခြင်းနှင့် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခြင်း စသည့် စွပ်စွဲချက်များဖြင့် တော်လှန်ရေး တပ်ဖွဲ့များကို အပုပ်ချ ပုံဖျက်ထားခြင်း ဖြစ်သည်။

ထို့ပြင် စစ်အုပ်စုတပ်၏ တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာသည့်အပြင် ငြိမ်းချမ်းစွာ နေထိုင် လိုသောကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာကြခြင်း ဖြစ်သည်ဟု စစ်အုပ်စုက ဝါဒဖြန့်ထားသည်။

ထိုကဲ့သို့ ဝါဒဖြန့် စွပ်စွဲချက်များနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တုံ့ပြန်ချက်ရရှိရန် တောင်ပိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့အချို့၏ တာဝန်ရှိသူများထံ သံလွင်တိုင်းမ်က ဆက် သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

စစ်အုပ်စုကမူ အလင်းဝင်ရောက်သူ တစ်ဦးချင်းစီကို ကျပ် ၅ သောင်းမှ ၁ သိန်းအထိ ငွေကြေး ပေးအပ်သည့် အပြင် လက်နက်ခဲယမ်း ယူဆောင်လာသူများကိုလည်း ဆုကြေးငွေများ ပေးအပ်ကာ ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများအပါအဝင် စစ်အုပ်စု ထိန်းချုပ်ထားသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေ့ညမရွေး စစ်အုပ်စုတပ်၊ ရဲနှင့် ပျူစောထီး/ပြည်သူ့ စစ် အဖွဲ့များက လူငယ်လူရွယ်များကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

အမှန်တကယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိတွေ့ရင်ဆိုင်ရသည့် မြေပြင်တိုက်ပွဲများ၌ စစ်အုပ်စုတပ်ဘက်မှ တပ်ဖွဲ့ဝင်အများစုမှာ အညံ့ခံမှုများ ရှိနေသည့်အပြင် ရခိုင်စစ်မျက်နှာ တွင်လည်း အရေးနိမ့်လျက်ရှိသည်။

စစ်အုပ်စုတပ်အနေဖြင့် စစ်ရေးအရ အပြတ်အသတ် အနိုင်ရရှိရန် မဖြစ်နိုင်သည့်အတွက် စိတ်ဓာတ်မခိုင်မာသည့် PDF များကို အသုံးချ၍ သွေးခွဲရေးနည်းဗျူဟာကို ထုတ်သုံးလာခြင်းဖြစ်ကြောင်း CDM တပ်အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

စစ်မှုထမ်းဥပဒေကြောင့် လူအင်အား သာလွန်လာသည့် စစ်အုပ်စုတပ် သည် တော်လှန်ရေးတပ်ဖွဲ့များကို အနိုင်ရ နေသယောင် ဝါဒဖြန့်မှုမှာ ဗန်းမော်တွင် စစ်သင်္ဘောများ တိုက်ခိုက် ခံရသည့် ဖြစ်စဉ်နှင့် တိုက်ဆိုင်စွာ လုပ်ဆောင် လာခြင်းဖြစ်သည်ဟု CDM လေတပ် တပ်ကြပ်ကြီး ဇေယျက ပြောသည်။

“လက်ရှိ စစ်တပ်က စစ်မှုထမ်းဆင့်ခေါ်ပြီး လူအင်အားကလည်း တော်တော်ကောင်းသွားတယ်။ လက်နက် အင်အားကတော့ အရင်ကတည်းက သာပြီးသားပေါ့နော်။ ဒီလိုအခြေအနေမှာ တော်လှန်ရေးကို နိုင်သယောင် ယောင်ပေါ့ သူတို့ဘက်မှာလည်း ဝါဒဖြန့်တယ်ပေါ့။ ဒီလိုမျိုး ဖိလာတယ်ဆိုတဲ့ ပုံစံမျိုး။ နောက်တစ်ခုက လက်ရှိ ဆိုလို့ရှိရင် အလင်းဝင်ပွဲလုပ်တဲ့ ကိစ္စဆို ဘယ်မှာသွားတိုက်ဆိုင်လည်းဆို ဗန်းမော်က တက်တဲ့ စစ်သင်္ဘောတွေကို KIA က ဖြတ်တိုက်လို့ အလင်းဝင်တာတွေရော (စစ်တပ်က တပ်သားတွေ) ကျတာရော စစ်သင်္ဘောတွေ ၇ စီးတောင် ပျက်တာလေ။ အဲဒီလိုမျိုး ပိုးစိုးပက်စက်ဖြစ်တဲ့ သတင်းတွေနဲ့ တိုက်ဆိုင်စွာ ဒီဟာကို လုပ်လာတာ ပေါ့။”

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာ သည့် စစ်အုပ်စုစစ်သင်္ဘောများကို KIA နှင့် ပူးပေါင်းတပ်များက ဖြတ်တိုက်ခဲ့ရာ ပျက်စီးမှုအချို့ ရှိခဲ့ပြီး စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသည်။

စစ်အုပ်စုတပ်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မြေပြင်ထိတွေ့တိုက်ပွဲ များ၌ အရေးနိမ့်သည့် အချိန်တိုင်းတွင် နွေဦးတော်လှန်ရေး၌ ပါဝင်နေကြသည့် PDF များကို မက်လုံးပေး၍ သွေးခွဲရေးဗျူဟာ ထုတ်သုံးလေ့ရှိသည်။

လက်ရှိတွင်လည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ် ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများတွင် ဆက်သွယ်သတင်းပို့ပါက ကြိုဆိုလက်ခံ၍ ကူညီထောက်ပံ့မှုနှင့် ဆုကြေးငွေများ ချီးမြှင့်မည်ဟု ဝါဒဖြန့်ချိနေသည်။

ထို့ကြောင့် စက်တင်ဘာလ ၇ ရက်က မန္တလေးတိုင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ၁၉၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာ သည် ဟု စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ စက်တင်ဘာလ ၅ ရက်က မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်လာကြောင်း စစ်အုပ်စုပိုင် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်ကလည်း စစ်ကိုင်းတိုင်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် အမျိုး သား၊ အမျိုးသမီး ၁၄၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဝင်ရောက်သဖြင့် မိဘအုပ်ထိန်းသူများထံ စနစ် တကျ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများကမူ စစ်အုပ်စုထံ အလင်းဝင်ရောက်သူများသည် PDF တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း ငြင်းဆိုထားကြပြီး တပ်နှင့် ကင်းကွာနေသည့် ရဲဘော်များကိုမူ တပ်ရင်းတာဝန်ရှိသူများထံ ပြန်လည်ဆက်သွယ် သတင်းပို့ကြရန် အသိပေးထားသည်။

ဓါတ်ပုံ - (စစ်အုပ်စုတပ်၏ ဝါဒဖြန့် အလင်းဝင်ပွဲ အခမ်းအနားတစ်ခုကို တွေ့ရစဉ် / MOI)

Most read this week

ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...